ဘာသာ‌ရေးအထွဋ်အမြတ်ထားရာများကို အကြမ်းဖက်ဖျက်ဆီးမှု ဘာသာရေးခေါင်းဆောင်များမှ ဝိုင်းဝန်းထိန်းသိမ်းပေးကြဖို့ နစက ပြောရေးဆိုခွင့်ရှိသူ တောင်းဆို

0
230

လောက်ကိုင်မြို့ ၊ ဆင်ဦးကင်းကုန်းရှိ ရှစ်မျက်နှာဘုရား ဖျက်ဆီးခံရမှုနှင့် ပတ်သက်၍ နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီ (၈) ရက်က MNDAA တပ်ဖွဲ့ဝင်တစ်ဦးက ဆင်ဦးကင်းကုန်းပေါ်ရှိ စေတီတော်အား တူဖြင့် ထုကာ ဖြိုဖျက်နေသည့် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကမ္ဘာသူကမ္ဘာသားအားလုံး ၊ ဘာသာရေး ခေါင်းဆောင်များအနေဖြင့် ဝိုင်းဝန်းထိန်းသိမ်းကြရန် နစက ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ (၁၀) ရက် ညပိုင်းတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဘုရားစေတီများသည် ဗုဒ္ဓဘာသာဝင်များ၏ အထွဋ်အမြတ်ထားရာ ဖြစ်ပြီး ဗုဒ္ဓမြတ်စွာဘုရား၏ ကိုယ်စား ကိုးကွယ်မှုပြုသည့် ဥဒ္ဒိဿစေတီတော်ပင် ဖြစ်ပြီး ယခုကဲ့သို့ လုပ်ဆောင်မှုအတွက် ဗုဒ္ဓဘာသာဝင်များ အားလုံး စိတ်မကောင်း ဖြစ်ရကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအားလုံး စိတ်မကောင်းဖြစ်ရပါတယ်။ ဝမ်းနည်းကြေကွဲရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးနှင့် ရန်ကုန်မြို့တို့တွင် သံဃာတော်များ ဦးဆောင်ပြီး ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြပြီး ကန့်ကွက်ရှုတ်ချမှုများလည်း ပြုလုပ်ခဲ့ကြသည်။

ယင်းဖြစ်စဉ်မှာ အထက်မှ စေခိုင်းခြင်းမဟုတ်ဘဲ အောက်ခြေတပ်သားများမှ မိမိသဘောဆန္ဒအလျှောက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များအားလုံးကို တောင်းပန်ကြောင်း MNDAA ဘက်မှ တောင်းပန်စာထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ထို့အပြင် ရှမ်းပြည်နယ်၊မူဆယ်မြို့အဝင် ရပ်တော်မူဘုရားကျောင်း ဘုန်းကြီးကျောင်းကိုလဲ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က မောင်းသူမဲ့လေယာဉ် Drone များကို အသုံးပြုပြီးဗုံးကျဲချခဲ့​ကြောင်းနှင့်အဆိုပါလုပ်ရပ်သည် အကြမ်းဖက်သောင်းကျန်းသူများ၏ဘာသာတရားအပေါ် အကြမ်းဖက်မှုများဖြစ်​ကြောင်း ဗိုလ်ချုပ်​ဇော်မင်းထွန်းကဆိုသည်။

မြန်မာနိုင်ငံအ​နေဖြင့် ကမ္ဘာ့ကိုးကွယ်ရာဘာသာကြီး ၄ မျိုးအပြင် အခြားကိုးကွယ်ရာဘာသာများကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားသည့်နိုင်ငံဖြစ်သည့်အပြင် နိုင်ငံတော်အစိုးရ နိုင်ငံတော်အကြီးအကဲများ အနေနဲ့လည်း ကိုးကွယ်ရာဘာသာအလိုက် အားပေးမူတွေ၊ ချီးမြှောက်မှုတွေ၊ ထောက်ပံ့မှုတွေကို စဉ်ဆက်မပျက်ပြုလုပ်လျက်ရှိ​ကြောင်း၊ ဘာသာတရားအားလုံး၏အခြေခံအဆုံးအမသည်လူသားတစ်ဦးနဲ့တစ်ဦး ချစ်ခင်ကြဖို့ ကြင်နာကြဖို့ မေတ္တာတရားထားကြဖို့ လေးစားတန်ဖိုးထားကြဖို့ပဲ ဖြစ်​ကြောင်းထည့်သွင်း​ပြောကြားခဲ့သည်။

Photo credit- ဗုဒ္ဓဘာသာကို ဖျက်ဆီးနေသည့် အကြမ်းဖက်အဖွဲ့များကို ဇန္နဝါရီ ၁၀ရက်ကကန့်ကွက် ဆန္ဒပြ​နေပုံ


LEAVE A REPLY

Please enter your comment!
Please enter your name here