၀န်ကြီးချုပ်ဟောင်း သက်ဆင်ကို ရဲဆေးရုံမှာပဲ ဆက်လက် နေထိုင်ကုသရန် အကျဉ်းဦးစီးဋ္ဌာန ခွင့်ပြု

0
222

ကန့်သတ်ရက် ရက်ပေါင်း ၁၂၀ ကုန်ဆုံးပြီးနောက် ပြစ်ဒဏ်ကျခံနေရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို ရဲတပ်ဖွဲ့ အထွေထွေရောဂါကု ဆေးရုံမှာပဲ ဆက်လက်ဆေးဝါးကုသမှုခံစေဖို့ အကျဉ်းဦးစီးဋ္ဌာနက ခွင့်ပြုပေးလိုက်ကြောင်း သိရပါတယ်။

သက်ဆင်အနေနဲ့ ယခုဆေးရုံမှာပဲ နောက်ထပ်ကုသမှုတွေလုပ်ဖို့ လိုအပ်သေးကြောင်းနဲ့ ဒီလိုမှမဟုတ်ရင် အသက်အန္တရာယ်ရှိနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေ ကြုံရနိုင်တယ်လို့ ရဲဆေးရုံမှ ဆရာဝန်တွေက ရှင်းပြတောင်းဆိုတာကြောင့် တနင်္လာနေ့မှာ သူ ထောက်ခံအတည်ပြုပေးခဲ့တာဖြစ်ကြောင်း အကျဉ်းဦးစီးဋ္ဌာန အထွေထွေညွှန်ကြားရေးမှူး ဆာဟာကန် ပက်ချ်နာရင်ကကြာသပတေးနေ့(ဇန်နဝါရီ ၁၁) မှာ မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

လွှတ်တော် ရဲတပ်ဖွဲ့ရေးရာ ကော်မတီ ဥက္ကဋ္ဌ ချိုင်ချာနာ ဒက်ဒီချိုက သက်ဆင် ရဲဆေးရုံမှာ ဆက်နေရမလား မနေရဘူးလားဆိုတာကို ထုတ်ပြန်ကြေညာပေဖို့ စိန်ခေါ်သလိုဖြစ်လာခဲ့တာကြောင့် ပထမဆုံးအကြိမ်အဖြစ် သူ့ရဲ့ နှုတ်ဆိတ်နေမှုကို ဆာဟာကန် ဖွင့်ဟလာခြင်းဖြစ်ပါတယ်။ ရဲရေးရာ ကော်မတီ အဖွဲ့ဝင်တွေဟာ ဇန်နဝါရီ ၁၂ ရက်မှာ ဆေးရုံကို သွားရောက်ဖို့ရှိနေကာ အမှန်တရားကို သိရှိဖို့ ကြိုးစားကြမယ်လို့ ဆိုပါတယ်။

ပြစ်ဒဏ်ကျခံရခြင်းမှ ရှောင်ရှားဖို့အတွက် သက်ဆင်ဟာ ပြည်ပမှာ ကိုယ်တိုင်ပြည်ပြေးအဖြစ် ၁၅ နှစ်ကျော်ကြာ နေထိုင်ပြီးနောက် ထိုင်းနိုင်ငံကို ပြန်ရောက်လာတဲ့ ပထမရက်မှာပဲ အကျဉ်းဦးစီးဋ္ဌာနဆေးရုံမှတဆင့် ရဲဆေးရုံထံ သူ့ကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ ယင်းနောက်ပိုင်းကစလို့ သက်ဆင်နဲ့ သူ တွေ့ဆုံရခြင်း ဒါမှမဟုတ် သွားရောက်ကြည့်ရှုခဲ့ခြင်း မရှိဘူးလို့ ဆာဟာကန်က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အကျဉ်းထောင်နံရံတွေပြင်ပမှာ လက်ရှိ ဆေးကုသမှုခံယူနေတဲ့ အကျဉ်းသား ထောင်ချီရှိနေကြောင်း၊ အကျဉ်းဦးစီးဋ္ဌာနအနေနဲ့ အပြင်မှာ ဆေးကုခွင့် ကန့်သတ်ရက် ရက် ၆၀ သို့မဟုတ် ရက်ပေါင်း ၁၂၀ ကုန်ဆုံးသွားချိန်များမှာ သူတို့တွေကို ထောင်ပြင်ပမှာ ဆက်ဆေးကုခွင့် ပြုမလား မပြုဘူးလားဆိုတာကို စဉ်စားသုံးသပ်ကြရပြီး သူတို့ရဲ့ ရောဂါအခြေအနေ စိုးရိမ်ရမှုအပေါ် မူတည်ဆုံးဖြတ်ရကြောင်းလည်း သူက ပြောဆိုပါတယ်။

စည်းမျဉ်းစည်းကမ်းတွေအရ အကျဉ်းသားတွေကို သူတို့ရဲ့ လက်ကျန် ပြစ်ဒဏ်ကာလအတွက် ထောင်ပြင်ပမှာ ဆက်လက်ထမ်းဆောင်စေခွင့်ပြုထားပါတယ်။ မသန်စွမ်းသူတွေ၊ အသက် ၇၀ ကျော်သူတွေနဲ့ ရောဂါဝေဒနာ ဆိုးရွားစွာ ခံစားနေရသူတွေဟာ သူတို့ ပြစ်ဒဏ်သက်တမ်းရဲ့ သုံးပုံတစ်ပုံကို ကျခံပြီးပါက ကျန်ရှိ ပြစ်ဒဏ်ကာလကို ထောင်ပြင်ပမှာ ကျခံခွင့်ရှိတယ်လို့ ဆာဟာကန်က ရှင်းလင်းပြောဆိုခဲ့ပါတယ်။

Thai PBS World


LEAVE A REPLY

Please enter your comment!
Please enter your name here