မြောက်ကိုရီးယားသည် ၎င်း၏နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သော ဒုံးကျည် စမ်းသပ်ကွင်းအဖြစ်  ယူကရိန်းအား အသုံးပြုနေဟု တောင်ကိုရီးယားဆို

0
150

မြောက်ကိုရီးယားသည် ၎င်း၏နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သော ဒုံးကျည်များ စမ်းသပ်သည့်နေရာအဖြစ် ယူကရိန်းအား အသုံးပြုနေကြောင်း ကုလသမဂ္ဂဆိုင်ရာ တောင်ကိုရီးယားသံအမတ်ကြီးက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယားမှ ရုရှားသို့ ဒုံးကျည်များ တင်ပို့မှုနှင့် ယင်းဒုံးကျည်များအား ရုရှားက ဒီဇင်ဘာ ၃၀ ရက်၊ ဇန်နဝါရီ ၂ ရက်နှင့် ဇန်နဝါရီ ၄ ရက် တိုက်ခိုက်မှုများတွင် အသုံးပြုခဲ့ခြင်းတို့ကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းကိုလည်း ကုလသမဂ္ဂဆိုင်ရာ တောင်ကိုရီးယားသံအမတ်ကြီး Joonkook Hwang က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံက ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်တွင် စမ်းသပ်ခဲ့သည့် KN-23 တာတိုပစ်ပဲ့ထိန်းဒုံးကျည်များကို ရုရှားက ယူကရိန်းစစ်မြေပြင်တွင် အသုံးပြုခဲ့ခြင်းဖြစ်သည်။ အဆိုပါဒုံးကျည်များသည် ကီလိုမီတာ ၆၉၀ သို့မဟုတ် ၄၂၈ မိုင်ခန့်အကွာအဝေးရှိ ပစ်မှတ်များအထိ ပစ်ခတ်နိုင်ကြောင်း အကျိုးအမြတ်မယူသော ဒုံးပျံကာကွယ်ရေးဆိုင်ရာ နိုးဆော်မှုမဟာမိတ်အဖွဲ့မှ သိရသည်။

မြောက်ကိုရီးယား၏ အဆိုပါ ဒုံးကျည်များ တင်ပို့မှုသည် တောင်ကိုရီးယားအတွက် “တည်မြဲနေသော ခြိမ်းခြောက်မှု” ဖြစ်သည်ဟုလည်း Hwang က သတိပေးခဲ့ပြီး ယခုအချိန်အထိ ကုလသမဂ္ဂ ကောင်စီ၏ နှုတ်ဆိတ်နေခြင်းသည် မြောက်ကိုရီးယား၏ ခေါင်းဆောင်မှုကို အားကောင်းလာစေရန်အတွက် ပံ့ပိုးပေးနေခြင်းဖြစ်နေကြောင်းကိုလည်း သူက ထပ်လောင်း သတိပေးခဲ့သည်။

မြောက်ကိုရီးယားသည် ၂၀၁၇ ခုနှစ်မှစတင်၍  ပဲ့ထိန်းဒုံးကျည်များနှင့် ခရုဇ်ဒုံးကျည်များကို ကျယ်ပြန့်စွာစမ်းသပ်ပစ်လွှတ်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ဒုံးကျည်ပေါင်း 68 စင်းအထိ တိုးမြှင့် စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း James Martin Center for Non-Proliferation Studies ၏ မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှု ခြေရာခံရေးအဖွဲ့က ပြောကြားခဲ့သည်။

ယခုအခါ ရုရှားသည် မြောက်ကိုရီးယား၏ ဒုံးကျည်ပြုလုပ်ခြင်းဆိုင်ရာကျွမ်းကျင်မှုမှ အကျိုးအမြတ်များရရှိနေပြီး မြောက်ကိုရီးယားလုပ် ဒုံးကျည်များကို ယူကရိန်းစစ်မြေပြင်တွင် အသုံးပြုနေသည်ဟု Hwang က ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသည် မြောက်ကိုရီးယားထံမှ ပဲ့ထိန်းဒုံးကျည် ဒါဇင်များစွာကို ၀ယ်ယူခဲ့ပြီး ဒီဇင်ဘာ ၃၀ ရက်နှင့် ဇန်နဝါရီ ၂ ရက်တို့တွင်ပြုလုပ်ခဲ့သည့် သီးခြားတိုက်ခိုက်မှုနှစ်ခုတွင် အသုံးပြုခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြီးခဲ့သည့် ကြာသပတေးနေ့တွင် မှတ်ချက်ပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here