လူမျိုးသုဥ်းသတ်ဖြတ်မှုဆိုင်ရာကွန်ဗန်းရှင်းအား အစ္စရေးချိုးဖောက်နေဟု တောင်အာဖရိကဆို

0
120

သည်ဟိဂ်၊ဇန်နဝါရီ ၁၂

တောင်အာဖရိက က အစ္စရေးသည် ကုလသမဂ္ဂ၏ လူမျိုးသုဥ်းသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗန်းရှင်းအား ချိုးဖောက်နေသည်ဟု ဇန်နဝါရီ ၁၁ ရက်နေ့က စွပ်စွဲပြောဆိုခဲ့ပြီး ဟားမတ်စ်အဖွဲ့က စတင်တိုက်ခိုက်သည်မှာမှန်သော်လည်း အစ္စရေး၏ယခုကဲ့သို့ တုန့်ပြန်မှုသည် တရားမျှတမှုမရှိဟုလည်းဆိုကာ ကုလသမဂ္ဂတရားရုံး တွင်အမှုဖွင့်ခဲ့သည်။

ပရီတိုးရီးယားက အစ္စရေးအနေဖြင့် ဂါဇာရှိ၎င်း၏စစ်ရေးလှုပ်ရှားမှုများအား ချက်ချင်းရပ်တန့်ပေးရန် နိုင်ငံတကာတရားရုံးသို့တောင်းဆိုခဲ့သော်လည်း အစ္စရေးကမူ အဆိုပါတောင်းဆိုချက်သည် ကျိုးကြောင်းဆီလျော်မှုမရှိသည့် ဟာသတစ်ခုသာဖြစ်သည်ဟုဆိုကာပယ်ချခဲ့သည်။

အစ္စရေးနှင့်ပါလက်စတိုင်းသည် အောက်တိုဘာ ၇ ရက်နေ့က ဟားမတ်စ်အဖွဲ့၏တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံသား ၁,၁၄၀ ဦးသေဆုံးခဲ့ရခြင်းမှစတင်ခဲ့ခြင်းဖြစ်ပြီး အစ္စရေးက စစ်ရေးဖြင့်ပြင်းပြင်းထန်ထန်တုန့်ပြန်ခဲ့ရာ ဂါဇာကမ်းမြောင်ဒေသ၌အထိနာခဲ့ပြီး လူပေါင်းနှစ်သောင်းကျော်သေဆုံးသည်အထိဖြစ်စေခဲ့သည်။

ထို့ကြောင့်ပင် အစ္စရေးသည် ၁၉၄၈ ခုနှစ်က ၎င်းကိုယ်တိုင်ကတိပြုထားသည့် ကုလသမဂ္ဂ၏ လူမျိုးသုဥ်း သတ်ဖြတ်မှုဆိုင်ရာကွန်ဗန်းရှင်း အားချိုးဖောက်နေသည်ဟု တောင်အာဖရိကဘက်ကဆိုခဲ့ခြင်းလည်းဖြစ်သည်။ ယင်းအတွက်ကြောင့်ပင် တောင်အာဖရိကအနေဖြင့် အစ္စရေးအား နိုင်ငံတကာတရားရုံးသို့စွဲချက်တင်နိုင်သည်ဟုလည်းတောင်အာဖရိကကပြောကြားခဲ့သည်။

သို့သော် အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကမူ ၎င်းတို့အနေဖြင့် ဂါဇာဒေသရှိ ဟားမတ်စ်အဖွဲ့အား အမြစ်ပြတ်ချေမှုန်းနိုင်မှသာလျှင် ယခုစစ်ပွဲအားရပ်တန့်မည်ဖြစ်ပြီး ကြားကာလ၌လုံးဝရပ်တန့်မည်မဟုတ်ကြောင်းလည်းပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/ဂျီအေ/အာဂျေ


LEAVE A REPLY

Please enter your comment!
Please enter your name here