စွန့်ပစ်ပစ္စည်းမှ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ရန် စက်ပစ္စည်းနှင့် နည်းပညာပိုင်း လိုအပ်နေ

0
181

ပြည်တွင်းမှရရှိသည့် စွန့်ပစ်ပစ္စည်းများမှ တန်ဖိုးမြှင့်လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရန် စက်မှုပိုင်းဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာကို ပံ့ပိုးပေးနိုင်ပါက ခိုင်မာသောဈေးကွက်တစ်ခု၏ ထုတ်ကုန်တစ်ခုအဖြစ် ရပ်တည်လာနိုင်မည်ဖြစ်ကြောင်း ငှက်ပျောလျှော်မှ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်တင်ပို့နေသည့် လုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။

ဓာတုပစ္စည်းကင်းလွတ်သော စွန့်ပစ်ပစ္စည်းများမှ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် နာနတ်လျှော်၊ ချဉ်ပေါင်လျှော်၊ ကြာပင်လျှော်နှင့် ငှက်ပျော်လျှော်တို့မှ တန်ဖိုးမြှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် စက်ပစ္စည်းနှင့် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များရှိနေသေးကြောင်း သိရသည်။ 

“ပြည်တွင်းမှာ ကုန်ကြမ်းပစ္စည်းပေါများတဲ့အတွက် စွန့်ပစ်ပစ္စည်းကနေ လျှော်ထုတ်ပြီး အဝတ်အထည်ထုတ်လုပ်ရာမှာ စက်ပစ္စည်းနဲ့နည်းပညာလိုနေပါတယ်။ ပြည်ပနိုင်ငံတွေက မြန်မာ့ငှက်ပျောလျှော်ကထုတ်တဲ့ အဝတ်အထည်နဲ့ ပုဝါကို ကြိုက်ကြတယ်။ မှာသလောက်မပို့နိုင်ဘူး။ ကျွန်တော်တို့မှာ လိုသလောက်ထုတ်နိုင်တဲ့ စက်မရှိသေးဘူး။ အိန္ဒိယနဲ့ဖိလစ်ပိုင်မှာတော့ စက်ပစ္စည်းပြည့်စုံတယ်။ ချည်ကို ကျစ်ဖို့အတွက် စက်လိုတာပါ”ဟု ငှက်ပျောလျှော်မှ အဝတ်အထည် ထုတ်လုပ်နေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

စွန့်ပစ်ပစ္စည်းများဖြစ်သည့် ဗေဒါ၊ ကွမ်းသီးဖက်၊ အင်ဖက်၊ စလူရွက်၊ ငှက်ပျောရွက်နှင့် ငှက်ပျောအူတို့မှ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့်အပြင် ငှက်ပျောလျှော်၊ နာနတ် လျှော်၊ ချင်ပေါင်လျှော်၊ ကြမ်းပိုးနှမ်း (ရှမ်းပြည်မှထွက်ရှိ) နှင့် ကြာပင်လျှော်တို့မှ အဝတ်အထည်တို့ကို ထုတ်လုပ်၍ ပြည်တွင်းအပြင် ထိုင်း၊ စင်္ကာပူနှင့် စပိန်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

“မြန်မာ့ထုတ်ကုန်တွေကို နိုင်ငံခြားသားတွေ ကြိုက်ကြတယ်။ ပြင်သစ်သံရုံးကဆိုရင် ငှက်ပျော်လျှော်နဲ့လုပ်တဲ့ ပိတ်စကို တစ်ကိုက် (၅၀၀၀၀) နဲ့ (၁၀) ကိုက်မှာထားတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်ကလည်း မှာထားတယ်။ လိုသလောက် မ‌ရော င်းပေးနိုင်ဘူးဖြစ်နေတယ်။ အလျား ၇၂ လက်မ၊ အနံ နှစ်ပေခွဲရှိတဲ့ပိတ်စကို ငါးရက်ကြာအောင် ယက်ရတယ်။ ငှက်ပျောချည်ကိုဆက်ရတာ အချိန်ကြာတယ်၊ ပြီးတော့ရစ်ရတယ်။ ထုတ်လုပ်မှုမြန်ဖို့အတွက် စက်ပစ္စည်းနဲ့ နည်းပညာလို အပ်လာတာပါ”ဟု ငှက်ပျောလျှော်မှ အဝတ်အထည် ထုတ်လုပ်နေသူတစ်ဦးက ဆိုသည်။

ဂျပန်နိုင်ငံမှ မြန်မာပြည်မှထွက်ရှိသည့် ငှက်ပျောလျှော်မှ ထုတ်လုပ်သော ပိတ်စနှင့် တဘက်အထည်ကိုလည်း ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဂျပန်နိုင်ငံက မှာယူမှုများရှိခဲ့ရာ မြန်ဆန်စွာတင်ပို့နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

ငှက်ပျောချည်အဝတ်အထည်ကို ပြည်ပနိုင်ငံများမှနှစ်ခြိုက်ခြင်းသည် အေးမြခြင်း၊ ချွေးထွက်နည်းခြင်းနှင့် ပေါ့ပါးခြင်းတို့ကြောင့်ဖြစ်ပြီး တစ်ချိန်တွင် ကမ္ဘာနိုင်ငံများ၌ လူသုံးကုန်ပစ္စည်း ထုတ်ကုန်အဖြစ် သုံးစွဲမှုများလာနိုင်ကြောင်း စွန့်ပစ်ပစ္စည်းမှ တန်ဖိုးမြှင့်ကုန်ချောထုတ်လုပ်သည့် လုပ်ငန်းရှင်များက ခန့်မှန်းထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here