ယီမင်ရှိ ဟူသီသူပုန်များ၏နေရာများအား ပူးပေါင်းလေကြောင်း စစ်ဆင်ရေးလုပ်မည်ဟုအမေရိက ကြေညာ

0
193

ဝါရှင်တန်၊ဇန်နဝါရီ ၁၂

အီရန်ကို ကျောထောက် နောက်ခံပြုထားသော ယီမင်ရှိဟူသီသူပုန်များအား အမေရိကနှင့်ဗြိတိန်တို့က လေကြောင်းတိုက်ခိုက်မှုများကို ပူးတွဲ ပြုလုပ်ခဲ့ကြောင်းနှင့် ဟူသီသူပုန်တို့၏ ပင်လယ်နီဒေသရှိ သင်္ဘောများကိုတိုက်ခိုက်ခြင်းအား အီရန်က ထပ်မံကူညီနေပါက ဆက်လက်၍တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၁ ရက်က အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ထုတ်ပြန်သော ကြေညာချက်တစ်စောင်၌ဖော်ပြထားသည်။

အမေရိကန်တပ်ဖွဲ့များသည် ဗြိတိန်တပ်ဖွဲ့များနှင့်အတူ ဩစတြေးလျ၊ဘာရိန်း၊နယ်သာလန်နှင့် ကနေဒါနိုင်ငံတို့၏ အထောက်အကူများကိုရယူလျက် ကမ္ဘာ့အဓိကရေကြောင်းသွားလာမှုလမ်းကြောင်းအား အန္တရာယ်ပြုနေသည့် ဟူသီသူပုန်တို့၏ပစ်မှတ်များကို အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ကြောင်း သမ္မတဂျိုးဘိုင်ဒင်က ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

ယခုပြုလုပ်သည့်လေကြောင်းတိုက်ခိုက်မှုများသည် ပင်လယ်နီဒေသအတွင်း ဟူသီတို့က တိုက်ချင်းပစ်ဒုံးပျံများကို ပထမဆုံးအသုံးချကာ ရေကြောင်းသွားလာမှုများကို တိုက်ခိုက်နေသည့်အတွက် ၎င်းတို့အားတိုက်ရိုက်တုန့်ပြန်သည့် ပထမဆုံးတုန့်ပြန်မှုတစ်ခုလည်းဖြစ်သည်ဟုဆိုသည်။

ဟူသီတို့၏တိုက်ခိုက်မှုများသည် အမေရိကန်အမှုထမ်းများသာမက အရပ်ဖက်သင်္ဘောသားများကိုပါ အသက်အန္တရာယ်ဖြစ်စေခဲ့ပြီး ကုန်သွယ်မှုလမ်းကြောင်းလည်းထိခိုက်ကာ လွတ်လပ်စွာပင်လယ်ရေကြောင်းသွားလာမှုကိုလည်း အန္တရာယ်ရှိစေခဲ့သည်။

ဟူသီအဖွဲ့သည် နိုင်ငံတကာကုန်သွယ်စီးပွား ရေကြောင်းသွားလာမှုလမ်းကြောင်း၌ နိုင်ငံ ၅၀ ကျော်မှသင်္ဘောကို ၂၇ ကြိမ်တိုင်တိုင်တိုက်ခိုက်ခဲ့သည်ဟုလည်းဆိုသည်။ထို့အတူနိုင်ငံ ၂၀ ကျော်မှသင်္ဘောသားများလည်း ဓားစာခံများအဖြစ် ဖမ်းဆီးခြင်းခံထားရကာ ပင်လယ်ကူးသင်္ဘော ၂,၀၀၀ ကျော်သည် ပင်လယ်နီဒေသကိုရှောင်ကွင်းလျက် မိုင်ထောင်ပေါင်းများစွာပိုသည့်လမ်းကြောင်းမှပြောင်းလဲသွားလာနေကြရသဖြင့် ကုန်သွယ်ရေးနှောင့်နေးမှုများဖြစ်နေရသည်။

ထို့ကြောင့် သမ္မတဘိုင်ဒန်က အမေရိကန်ပြည်သူများနှင့် ကမ္ဘာ့ပင်လယ်ရေကြောင်းကူးသန်း ရောင်းဝယ်မှုကိုကာကွယ်ရန် ၎င်းအနေဖြင့် တွန့်ဆုတ်နေမည်မဟုတ်ကြောင်း ကြေညာချက်တွင်ထည့်သွင်းပြောကြားခဲ့သည်။

အမေရိက သည် ဒီဇင်ဘာလကတည်းကပင် Operation Prosperity Guardian အမည်ရှိ စစ်ဆင်ရေးကိုဦးဆောင်ကာ နိုင်ငံ ၂၀ ကျော်စုပေါင်းလျက် ပင်လယ်နီဒေသအတွင်းရေကြောင်းသွားလာမှုလုံခြုံရေးနှင့် ဟူသီတို့၏တိုက်ခိုက်မှုများကို တားဆီးရေးအတွက် စတင်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ဂျိုးဘိုင်ဒင်က ဟူသီတို့၏ ခြိမ်းခြောက်တိုက်ခိုက်မှုများအား နိုင်ငံပေါင်း ၄၀ ကျော်ကရှုံ့ချခဲ့ကြကြောင်း၊လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်းကလည်း မဟာမိတ်နှင့်စီးပွားဖက် ၁၃ နိုင်ငံတို့က ဟူသီတို့အနေနှင့် တိုက်ခိုက်မှုများကို ရပ်ဆိုင်းမှုမပြုပါက နောက်ဆက်တွဲအကျိုးဆက်များကိုတွေ့ကြုံရလိမ့်မည်ဖြစ်ကြောင်း သတိပေးခဲ့ကြသည်ဟုလည်းပြောကြားခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း ဟူသီတို့အနေနှင့် ပင်လယ်ရေကြောင်းကုန်သွယ်ရေးနှင့်ကူးသန်း ရောင်းဝယ်ရေး သင်္ဘောများကိုတိုက်ခိုက်နေမှုများအားရပ်တန့်ရန် ဇန်နဝါရီ ၁၁ ရက်က ဆုံးဖြတ်ချက်ချတိုက်တွန်းခဲ့ကြသေးသည်။

Source : အိမ်ဖြူတော်


LEAVE A REPLY

Please enter your comment!
Please enter your name here