ထိုင်း – မြန်မာ နယ်စပ် မြဝတီမြို့အနီးရှိ အွန်လိုင်း လောင်းကစားလုပ်ငန်းများကို တိုက်ဖျက်ဆောင်ရွက်ရန် နှစ်နိုင်ငံ တပ်မတော် တပ်ချုပ်တို့ ဆွေးနွေး

0
242

ထိုင်း – မြန်မာ နှစ်နိုင်ငံ တပ်မတော်များအကြား နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စများနှင့် ပတ်သက်၍ နှစ်နိုင်ငံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Songwit Noonpackdee တို့ ယနေ့ ဇန်နဝါရီ (၁၂) ရက်တွင် Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ယင်းသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေ အနေများ၊ နယ်စပ်ကုန်သွယ်မှုများ လုံခြုံချောမွေ့ အဆင်ပြေစေရေးအတွက် နှစ်နိုင်ငံအကြား နိုင်ငံရေးအရ၊ တပ်မတော်နှစ်ရပ်အကြား လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့အပြင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးနှင့်အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး၊ သတင်းအချက် အလက်ဖလှယ်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသများ၌ တည်ငြိမ်အေးချမ်းရေး၊ အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုများ တိုက်ဖျက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နှစ်နိုင်ငံနယ်စပ် မြဝတီမြို့အနီးတွင် လုပ်ဆောင်နေသည့် အွန်လိုင်း လောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုများကို နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက် ဆောင်ရွက်သွားရမည့် အခြေအနေများနှင့် ပတ်သက်၍လည်း နှစ်နိုင်ငံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များက ဆွေးနွေးခဲ့ကြသည်။

မြန်မာ – လာအို – ထိုင်း (၃)နိုင်ငံ နယ်စပ်ဒေသများ၌ တောမီးလောင်ခြင်းနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ ပူးပေါင်းကာကွယ် တားဆီးရေးဆိုင်ရာများ၊
နှစ်နိုင်ငံ အစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား နယ်ပယ်ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများကို ကျယ်ကျယ် ပြန့်ပြန့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ နှ င့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အလားတူ လူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများကို နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြားသာမက နှစ်နိုင်ငံဝန်ကြီးဌာနများအချင်းချင်းလည်း တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ထိုင်းဘုရင့်တပ်မတော်မှ Air Chief Marshal Chakorn Tawanjang နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here