ရှမ်းမြောက်တွင် အပစ်ရပ်သဘော တူမှုရပြီး နာရီပိုင်းအတွင်း TNLA နှင့် တပ်မတော် တိုက်ပွဲပြန်ဖြစ်

0
97

တရုတ်၏ ကြားဝင်ညှိနှိုင်းမှုဖြင့် ရှမ်းမြောက်တွင် ယာယီအပစ်ရပ်ရန် သဘောတူညီမှုရပြီး တစ်ရက်ကျော်အကြာ နာရီအားဖြင့် နာရီ (၃၀) ကျော်အကြာတွင် TNLA နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီ (၁၃)ရက် နံနက်အစောပိုင်းမှစတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း နှစ်ဘက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

“မနက်(၉)နာရီဝန်းကျင်လောက်စတာပေါ့။လက်နက်ကြီးလက်နက်ငယ် အသံတွေ တောက်လျှောက်ကြားနေရတယ်” ဟု ကျောက်မဲမြို့ခံတစ်ဦးက ပြောသည်။

ကျောက်မဲမြို့နယ်အတွင်းရှိ ငြိမ်းချမ်းရေးကုန်း အနီးတွင် ယနေ့ နံနက် (၉) နာရီဝန်းကျင်က စတင်ကာ တပ်မတော်နှင့် TNLA တို့အကြား အပြန်အလှန် ပစ်ခတ်နေကြခြင်း ဖြစ်သည်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် ကျောက်မဲအပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ယာယီအပစ်အခတ်ရပ်စဲရန်မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့နှင့် မြန်မာ့တပ်မတော်တို့အကြား ကူမင်းဆွေးနွေးပွဲမှတဆင့် သဘောတူညီမှု ရယူထားခြင်း ဖြစ်သည်။

တရုတ်၏ ကြားဝင်ညှိနှိုင်းမှုဖြင့် ရှမ်းမြောက်တွင် စစ်ရေးတင်းမာနေသည့် မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ် (၃) ဖွဲ့တို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ဇန်နဝါရီ (၁၀) ရက် နှင့် (၁၁) ရက်တို့တွင် (၂) ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ယာယီအပစ်အခတ်ရပ်စဲရန် သဘောတူခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ သဘောတူညီမှုတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များအနေဖြင့် ရှမ်းမြောက်ရှိ တပ်မတော် တပ်စခန်းများ ၊ဗျူဟာကုန်းများကို တိုက်ပွဲဖော်ဆောင်ခြင်း မပြုရန်နှင့် မြန်မာ့တပ်မတော်ဘက်မှလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့များ ထိန်းချုပ်ထားသည့် မြို့များအတွင်းသို့ လေကြောင်းပစ်ခတ်မှုများ ၊ လက်နက်ကြီးပစ်ခတ်မှုများ မလုပ်ဆောင်ကြရန် အပြန်အလှန်သဘောတူထားကြောင်း ကြားဝင်ညှိနှိုင်းပေးထားသည့် တရုတ်ဘက်က ထုတ်ဖော်ပြောဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here