အစိုးရကျောင်းများတွင် ပဉ္စမတန်းအထိ ကရင်စာပေသင်ကြားခွင့်ရရန် ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း တင်ပြထား

0
148

ပညာမြင့်မှ လူမျိုးတင့်မှာဖြစ်သည့်အတွက် ကရင်စာပေ၊ ယဉ်ကျေးမှုအားလုံးသည် ပညာကို အခြေခံထားကာ ဆောင်ရွက်နေဟုဆိုသည်။ထို့​ကြောင့်အစိုးရ ကျောင်းများတွင် ပဉ္စမတန်းအထိ ကရင်စာပေထည့်သွင်းသင်ကြားနိုင်ရန်လုပ်​ဆောင်လျှက်ရှိ​ကြောင်းသိရသည်။

“အခု ကရင်စာပေကို သင်ခွင့်ရတယ်။ တတိယတန်းအထိ သင်ခွင့်ရထားတယ်။ နောက်ထပ် ပဉ္စမတန်းအထိ သင်ဖို့တင်ပြထားတယ်”ဟု မန်းသန်းဝင်းဦးက ပြောသည်။

လက်ရှိမှာ မွန်စာပေကိုလည်း ပဉ္စမတန်းအထိ သင်ကြားခွင့်ရရှိရန် တင်ပြထားပြီး မွန်စာပေ ခွင့်ပြုချက်ရရှိပါက ကရင်စာပေလည်း ရပြီဖြစ်ကြောင့် ထပ်မံတင်ပြရန် မလိုအပ်တော့ကြောင်း ၎င်းကဆိုသည်။

“အစိုးရရဲ့ ပညာရေးစနစ်ထဲမှာ အဆင့်တစ်ခုမှာ ရှိနေသေးတာ။ မွန်စာပေက ပဉ္စမတန်းအထိ သင်ခွင့်ရဖို့ တင်ထားတယ်။ မွန်စာပေ ခွင့်ပြုချက်ရပြီဆိုရင်တော့ ကျွန်တော်တို့ စာပေလည်း ရပြီ။ ထပ်တင်စရာ မလိုတော့ဘူး”ဟု မန်းသန်းဝင်းဦးက ဆက်ပြောသည်။

အစိုးရ ကျောင်းများတွင် သင်ကြားမည့် ကရင်စာသင်ရိုး စတုတ္ထတန်းအတွက် သင်ရိုးရေးဆွဲနေပြီး လာမည့်နှစ်တွင် ပဉ္စမတန်းသင်ရိုးကို ဆက်လက်ရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

“အခု (၄) တန်းအတွက် စပြုစုနေတယ်။ ကရင်စာပေသင်ရိုးပြုစုရေးအဖွဲ့ပေါ့။ အဲ့ဒါကတော့ The Whole Myanmar။ ရန်ကုန်တစ်မြို့တည်းရယ်လို့ မဟုတ်ဘူး။ မြန်မာတစ်နိုင်ငံလုံးနဲ့ ဆိုင်တယ်။ (၅) တန်းအထိ ပြုစုသွားဖို့ ရည်ရွယ်ထားပါတယ်။ ဒီနှစ်ကတော့ (၄) တန်း ပြီးမှာပါ။ နောက်နှစ်ကိုတော့ (၅) တန်းအထိ အပြီးပြုစုမှာပါ”ဟု ယင်းက ဆိုသည်။

ကရင်စာပေ သင်ရိုးသစ်ရေးဆွဲရန် ဘဏ္ဍာရေးနှင့်ပညာရှင်လိုအပ်ချက် ကလည်း စိန်ခေါ်မှု တစ်ရပ်အနေဖြင့် ရှိနေကြောင်း သိရသည်။

“လက်ရှိ စိန်ခေါ်မှုက ဘဏ္ဍာရေးပေါ့။ ပညာရှင်လည်း စိန်ခေါ်မှုဖြစ်တယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ ဘာသာစကားက တော်တော်လေး မိခင်ဘာသာစကား ပျောက်နေတာ။ တော်တော်များများက မိခင်ဘာသာစကားက ဗမာဘာသာ စကား ဖြစ်နေတဲ့ အခါကျတော့ ပြန်လည် သင်ရိုးပြုစုတဲ့အခါမှာလည်း ပညာရှင်တွေတော့ အခက်အခဲအများကြီး ရှိပါတယ်။ တော်တော်များများ ပြန်စည်းရုံးပြီး လုပ်နေရတယ် ”ဟု မန်းသန်းဝင်းဦးက ရှင်းပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here