ရော်ဘာဈေးနှုန်း တည်ငြိမ်နေပြီး ပြည်တွင်း၌ ရောင်းလိုအားများနေ

0
119

လတ်တလောတွင် ပြည်တွင်း ရော်ဘာဈေးကွက်၌ ဈေးနှုန်းတည်ငြိမ်နေပြီး ရောင်းလိုအားများနေကြောင်း ရော်ဘာစိုက်ပျိုးထုတ်လုပ် ရောင်းချသူများထံမှ သိရသည်။

လက်ရှိတွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့အနီးပတ်ဝန်းကျင်ကျေးရွာများရှိ ရော်ဘာခြံလုပ်ငန်းလုပ်ကိုင်နေကြသူများအနေဖြင့် ရော်ဘာမှိုင်းကျ တစ်ပေါင်လျင် ၁၅၈၀ ကျပ်ဖြင့် ရောင်းချနေရကြောင်း သိရသည်။

“ရော်ဘာဈေးနှုန်းက ဒီဈေးနဲ့ ငြိမ်နေတာ ကြာပြီ။ တစ်ရက်ကို ပေါင် နှစ်သောင်းခွဲကနေ သုံးသောင်းကျော် ဝယ်နေရတယ်။ နေလှန်းပြားတစ်ပေါင် ၁၃၄၀ ကျပ် ဈေးနဲ့ နေလှန်းပြားပဲ လာရောင်းတဲ့ သူများပါတယ်။ နေလှန်းပြားကို စက်ရုံပို့ မှိုင်းတင်ပြီးမှပဲ ဝယ်လက်တွေကို ပေါက်ဈေးအတိုင်း ပြန်ရောင်းပါတယ်”ဟု သုဝဏ္ဏဝတီမြို့ ရွှေလက်ဆောင် ရော်ဘာရောင်းဝယ်ရေးမှ မန်နေဂျာဖြစ်သူ ကိုဝေယံက ပြောသည်။

ရော်ဘာခြံစိုက်ပျိုးသူ တောင်သူများကလည်း အလုပ်သမားရရှိမှု အပေါ် မူတည်၍ ရရှိသည့် ရော်ဘာနေလှန်းပြားများကို တစ်လတစ်ခါ လာရောက်ရောင်းချကြောင်း ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာမှ ဒေါ်လှဝင်းက ပြောသည်။

နယ်စပ်ကုန်သွယ်ရေးကရပ်ဆိုင်းသွားတော့ ထိုင်းရာဘာဈေးက ၂၅၉၉ ဖြစ်နေချိန်မှာမြန်မာ့ရာဘာဈေးက ၁၅၀၀။တစ်ပေါင် ကို ၁၀၀၀ ကွာနေတယ်။ လုပ်ငန်းရှင်တွေစျေးကွက်ရှာသလို အစိုးရကလည်း အဝယ်ရှာပေးမှ ပြည်တွင်းထုတ်ကုန်ကဏ္ဍတိုးတက်မှာပါ ဟု ရော်ဘာလုပ်ငန်းရှင်တစ်ဦးကဆိုသည်။

ရော်ဘာစတင်ချိန် အောက်တိုဘာ ပထမအပတ်က မှိုင်းကျတစ်ပေါင် ကျပ် ၁၇၀၀၊ နေလှန်းပြား တစ်ပေါင် ၁၄၅၅ ကျပ်ဖြင့် စတင်ခဲ့သော်လည်း ယခုရာသီအလယ်တွင် ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိပြီး ပြည်တွင်းရောင်းလိုအားက များနေကြောင်း ရော်ဘာရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေကြသူများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here