မော်ဒယ်လ် ဖူးပွင့်ခိုင်နှင့် အဆိုတော် အေမီဈာန် တို့၏ မလေးရှားဖျော်ဖြေပွဲတွင် ရဲတပ်ဖွဲ့က အော်ပရာစီဖမ်းဆီး

0
6262

မလေးရှားနိုင်ငံ၊ ပီနန်ပြည်နယ်၊ ဘာတာဝပ်တွင် ပြုလုပ်သည့် Sexy မော်ဒယ်လ် ဖူးပွင့်ခိုင်နှင့် အဆိုတော် အေမီဈာန် တို့၏ ဖျော်ဖြေပွဲကို မလေးရှားရဲတပ်ဖွဲ့နှင့် ဒေသအာဏာပိုင်များ ဝင်ရောက်ဖမ်းဆီမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ (၁၃) ရက် ညပိုင်းမှ (၁၄) ရက် နံနက်ပိုင်းအထိ ပြုလုပ်ခဲ့သည့် အဆိုပါ ဖျော်ဖြေပွဲသို့ မလေးရှား ရဲတပ်ဖွဲ့နှင့် ဒေသအာဏာပိုင်များက အော်ပရာစီစီမံချက်အနေဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဝင်ရောက်ဖမ်းဆီးမှုကြောင့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား လူငယ်အများအပြား ဖမ်းဆီးခံခဲ့ရပြီး မော်ဒယ်ဖူးပွင့်ခိုင်နှင့် အဆိုတော် အေမီဈာန်တို့ကိုလည်း လက်ရှိအချိန်ထိ ထိန်းသိမ်းထားကြောင်း သိရသည်။

” ဘာတာဝပ်က Royce Luxury Night Club မှာ မနေ့ည (၆) နာရီလောက်ကနေ ဒီမနက် (၅) နာရီလောက်အထိ လုပ်တာပေါ့နော်။ အဲဒီမှာ မလေးရဲက အော်ပရာစီစီမံချက်နဲ့ ဝင်ဖမ်းတာ။ ၁၀၀ ကျော်လောက် ရှိမှာပေါ့။ အေမီဈာန်တို့ နှစ်ယောက်ကိုလည်း အခုထိ ထိန်းသိမ်းထားတာပေါ့နော်။ ပြန်မလွတ်သေးဘူး” ဟု မလေးရှားရောက် မြန်မာတစ်ဦးက ပြောသည်။

ယမန်နေ့ ညပိုင်းက မလေးရှားနိုင်ငံ ၊ ပီနန်းပြည်နယ်၊ ဘာတာဝပ်ရှိ Royce Luxury Night Club တွင် Sexy မော်ဒယ်လ် ဖူးပွင့်ခိုင်၏ မွေးနေ့အထိမ်းအမှတ် ဖျော်ဖြေပွဲ ကျင်းပခဲ့ခြင်း ဖြစ်ပြီး မလေးရှားနိုင်ငံရောက် လူငယ်အများအပြား လာရောက်ပျော်ပါးခဲ့ကြကြောင်း မလေးရှားရောက် မြန်မာ အသိုင်းအဝိုင်းထံမှ သိရသည်။

အဆိုပါ ဖျော်ဖြေပွဲတွင် မြန်မာနိုင်ငံမှမော်ဒယ်လ် ဖူးပွင့်ခိုင်နှင့် အဆိုတော် အေမီဈာန်တို့နှင့်အတူ DJ ZOO3Y လည်း ပါဝင်ဖျော်ဖြေခဲ့ခြင်း ဖြစ်သည်။

မလေးရှားရောက် မြန်မာအသိုင်းအဝိုင်းက လူမှုကွန်ရက်မှတဆင့် မျှဝေထားသည့် ရုပ်သံဖိုင်များတွင် မြန်မာနိုင်ငံသား အများအပြားကို မလေးရဲတပ်ဖွဲ့နှင့် ဒေသအာဏာပိုင်းများက စစ်ဆေးနေသည်ကို တွေ့ရပြီး မော်ဒယ်လ် ဖူးပွင့်ခိုင်နှင့် အဆိုတော် အေမီဈာန်တို့ကိုပါ အချုပ်ကားဖြင့် ခေါ်ဆောင်သွားသည်ကို တွေ့ရသည်။

ဖမ်းဆီးခြင်းခံရပြီး ပြန်လည်လွတ်မြောက်လာသူ မြန်မာအမျိုး သမီးငယ်တစ်ဦးကလည်း မော်ဒယ်လ် ဖူးပွင့်ခိုင်နှင့် အဆိုတော် အေမီဈာန်တို့ကို ရဲစခန်း၌ လက်ရှိအချိန်ထိ ထိန်းသိမ်းထားဆဲဖြစ်ကြောင်း ယနေ့ ဇန်နဝါရီ (၁၄) ရက် နံနက် (၁၁) နာရီဝန်းကျင်တွင် လူမှုကွန်ရက်မှတဆင့် မျှဝေထားသည်။

လတ်တလောတွင် မလေးရှား ရဲတပ်ဖွဲ့နှင့် ဒေသအာဏာပိုင်းများအနေဖြင့် တရားမဝင် နေထိုင်သူများအား ဖော်ထုတ်ဖမ်းဆီးသည့် အော်ပရာစီ စီမံချက်ကို အရှိန် အဟုန်မြှင့် ဆောင်ရွက်နေပြီး ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကလည်း မြန်မာနိုင်ငံသားများအပါအဝင် တရားမဝင် ဝင်ရောက်နေထိုင်သူ ထောင်နှင့်ချီကာ ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့သည်။

ယင်းကဲ့သို့ အော်ပရာစီ စီမံချက် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည့်အတွက် မလေးရှားရောက် မြန်မာနိုင်ငံသားများအနေဖြင့် သတိဖြင့် နေထိုင်ကြရန်၊ သောက်စားမူးယစ်ခြင်း ၊ အော်ဟစ်ဆူညံခြင်း ၊ ပွဲလမ်းသဘင်များသို့ သွားရောက်ပျော်ပါးကြခြင်းများကို ဆင်ခြင်ကြရန် မလေးရှားရောက်မြန်မာအသိုင်းအဝိုင်းက ပြီးခဲ့သည့် လအတွင်းကပင် နှိုးဆော်တိုက်တွန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here