ထိုင်ဝမ်နဲ့ ပြန်ပေါင်းစည်းရေး ရှောင်လွှဲမရဟု  ရွေးကောက်ပွဲအပြီးမှာ တရုတ် ထုတ်ပြော

0
185

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်းဒေသရဲ့ စနေနေ့ ရွေးကောက်ပွဲမှာ လိုင်ချင်းတေ အနိုင်ရကာ ရွေးကောက်ခံသမ္မတ ဖြစ်လာခဲ့အပြီးမှာ ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းရေးဟာ မလွဲမသွေဖြစ်ရမယ့် အကြောင်းအရာအဖြစ်ရှိနေဆဲဖြစ်တယ်လို့ တရုတ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

တရုတ်က ငြိမ်းချမ်းရေးအတွက် အန္တရာယ်ရှိသူတစ်ဦးအဖြစ် တံဆိပ်ကပ်ခံရတဲ့ လိုင်ဟာ သူ့ကိုယ်သူ ကျွန်းဒေသရဲ့ ဒီမိုကရေစီလမ်းစဉ်ကို ခုခံကာကွယ်သူအဖြစ် ပြောဆိုထားပြီး သူ့ရဲ့ အနိုင်ရမှုဟာ ထိုင်ဝမ်ရဲ့ အာဏာရ ဒီမိုကရေစီတိုးတက်ရေးပါတီအတွက် မကြုံစဖူး ရွေးကောက်ပွဲ သုံးကြိမ်ဆက်တိုက် အောင်ပွဲခံမှုဖြစ်ခဲ့ပါတယ်။

လိုင် အနိုင်ရပြီဆိုတဲ့မဲရလဒ်ထွက်ပေါ်ခဲ့အပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပေကျင်းရဲ့ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူ ချန်ဘင်ဟွာက ဒီမဲပေးပွဲဟာ တရုတ်နိုင်ငံရဲ့ မလွဲမသွေသော ပြန်လည်ပေါင်းစည်းရေးလမ်းကြောင်းကို အဟန့်အတားဖြစ်လာမှာ မဟုတ်ဘူးလို့ ပြောဆိုကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် မဲရလဒ်တွေအရ DPP ဟာ ကျွန်းပေါ်ရှိ ပြည်သူအများစုရဲ့ သဘောထားခံယူချက်ကို ကိုယ်စားမပြုနိုင်ဘူးဆိုတာ ပြသခဲ့တယ်လို့ ချန်က ဆိုခဲ့သလို ဒီမဲပေးပွဲက ရေလက်ကြားဖြတ်ကျော် ဆက်ဆံရေးရဲ့ အခြေခံအခင်း အကျင်းနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ပြောင်းလဲမှာ မဟုတ်ဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။

အမျိုးသားပြန်လည်ပေါင်းစည်းရေးပေကျင်းရဲ့ ရပ်တည်ချက်ဟာ တသမတ်တည်းဖြစ်ကြောင်းနဲ့ မိမိတို့ရဲ့ ဆုံးဖြတ်ချင်ဟာ ကျောက်စိုင် ကျောက်သားကဲ့သို့ ခိုင်မာကြောင်း သူက ဆိုခဲ့ပြီး “ထိုင်ဝမ်ဟာ တရုတ်ရဲ့ ထိုင်ဝမ်သာဖြစ်တယ်” လို့ ပြောပါတယ်။

ထိုင်ဝမ် လွတ်လပ်ရေးကို ရည်ရွယ်တဲ့ ခွဲထွက်ရေးလုပ်ဆောင်ချက်တွေအပြင် ပြည်ပ ကြားဝင်စွက်ဖက်မှုတွေကို ပေကျင်းက အခိုင်အမာ ဆန့်ကျင်ကန့်ကွက်တယ်လို့လည်း သူက ပြောဆိုပါတယ်။

မဟာဗျူဟာအရ အရေးပါတဲ့ ဒေသမှာ သြဇာလွှမ်းမိုးရေး အင်အားကြီးနှစ်နိုင်ငံ အပြိုင်အဆိုင်ကြိုးပမ်းနေမှုအဖြစ် ထိုင်ဝမ် ရွေးကောက်ပွဲကို ပေကျင်းနဲ့ ထိုင်ဝမ်ရဲ့ အဓိက စစ်ရေးမိတ်ဖက် ဝါရှင်တန် နှစ်ဖက်စလုံးက အနီးကပ် စောင့်ကြည့်ခဲ့ကြပါတယ်။

Ref: Barrons


LEAVE A REPLY

Please enter your comment!
Please enter your name here