ဇန်နဝါရီ (၁၅) ရက်မှ စတင်ကာ ဧရာဝတီတံတား (မကွေး) ရေလမ်းပြောင်းလဲမည်

0
303

ဧရာဝတီတံတား (မကွေး)၏ ရေလမ်းကြောင်းကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၁၅) ရက်မှစ၍ အစုန်၊ အဆန် ရေလမ်းအဖြစ် ရေလယ်တိုင် အမှတ်(၁၇)နှင့် (၁၈)အကြားမှ ပြောင်းလဲဖွင့်လှစ်မည် ဖြစ်ပြီး ရေလမ်းပြောင်းလဲမည်ဖြစ်သည်။

တံတားဦးစီးဌာနမှ မြစ်ကြမ်းပြင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သဖြင့် ယင်းကဲ့သို့ ရေလမ်းပြောင်းလဲခြင်းဖြစ်ကြောင်း သိရသည်။

ယခင်က ဧရာဝတီတံတား(မကွေး) ရေလမ်းတွင် ရေယာဉ်များ ဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို အစုန်၊ အဆန် ရေလမ်းအဖြစ် ရေလယ်တိုင် အမှတ် (၁၆)နှင့် (၁၇)အကြားမှ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပြောင်းလဲမည့် ရေလမ်းကြောင်း၏ ကင်းလွတ်အကျယ်မှာ မီတာ (၁၁၀)ရှိပြီး ကင်းလွတ် အမြင့်မှာ အမြင့်ဆုံးရေမျက်နှာပြင်အထက်(၁၇)မီတာ ရှိကြောင်း သိရသည်။

ရေယာဉ်များဖြတ်သန်းရမည့် ဝင်ပေါက်တွင် နေ့အခါ အစိမ်းရောင်တြိဂံ အမှတ်အသားပြသ၍ ညအခါ မီးစိမ်းထွန်း ပြသထားပြီး မဝင်ရမည့် ရေလမ်းတွင် နေ့အခါ အနီရောင်ကြက်ခြေခတ် အမှတ်အသားပြသ၍ ညအခါ မီးနီထွန်း ပြသထားမည်ဖြစ်ကြောင်းလည်း သိရသည်။

တံတားတိုင်များ၏ အောက်ခြေပိုင်တိုင်အုတ်ခုံမှာ ရေလယ်တိုင်များ၏ တစ်ဖက်တစ်ချက်တွင် (၁၅) ပေခန့် ထိုးထွက်နေသဖြင့် ရေယာဉ်များ ရေလယ်တိုင် (၂)ခုအကြားမှ ယှဉ်ပြိုင်ခုတ်မောင်းခြင်း မပြုရန်နှင့် တွဲတွန်းရေယာဉ်များ တစ်တွဲချင်းသာ ချိတ်ဆွဲဖြတ်သန်းကြရန်လည်း အသိပေးထားသည်။

အစုန်ဦးစားပေး၍ ဝင်ပေါက်သို့  ချဉ်းကပ်ရာတွင် လုံလောက်သော အကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့် ထိန်းသိမ်းခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်းသတိပေးနှိုးဆော်ချက် သတင်းထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here