နိုင်ငံတွင်း တပ်စွဲထားတဲ့ အိန္ဒိယစစ်သားတွေကို မတ် ၁၅ ရက်မှာ ပြန်ရုပ်သိမ်းပေးဖို့ မော်လဒိုက် တောင်းဆို

0
132

တောင်အာရှ အိမ်နီးချင်းနှစ်နိုင်ငံအကြား ဆက်ဆံရေးပိုမိုတင်းမာလာစေမယ့် ခြေလှမ်းတစ်ရပ်အဖြစ် အိန္ဒိယစစ်သားတွေကို မိမိနိုင်ငံပိုင်နက်ထဲမှ မတ် ၁၅ ရက်မှာ ရုပ်သိမ်းပေးဖို့ မော်လဒိုက်က တောင်းဆိုလိုက်ကြောင်း သိရပါတယ်။

နယူးဒေလီနဲ့ ပေကျင်းတို့ သြဇာလွှမ်းမိုးရေး ပြိုင်ဆိုင်နေတဲ့ ဒေသတွင်းမှာ မော်လဒိုက်ရဲ့ အိန္ဒိယ ဦးစားပေးပေါ်လစီကို အဆုံးသတ်မယ်လို့ ပြီးခဲ့တဲ့နှစ်က ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ သမ္မတ မိုဟာမက် မူအီဇူက ကတိပြုခဲ့ပါတယ်။

နယူးဒေလီက ပေးအပ်ထားတဲ့ စစ်လက်နက်ပစ္စည်းတွေအတွက် အထောက်အကူပေးဖို့၊ ဒေသတွင်း လူသာချင်းစာနာမှုဆိုင်ရာ အကူအညီပေးဖို့ အိန္ဒိယသမုဒ္ဒရာကျွန်း ဆွယ်နိုင်ငံမှာ အိန္ဒိယစစ်သား ၈၀ ဝန်းကျင် တပ်စွဲထားခဲ့တာဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနမှာ ပြုလုပ်တဲ့ နှစ်နိုင်ငံ ထိပ်တန်း ကိုယ်စားလှယ်တွေအကြား ဆွေးနွေးခဲ့မှုတွေအတွင်း စစ်သားတွေ ထွက်ခွာပေးဖို့ကို မူအီဇူက တင်ပြခဲ့တယ်လို့ သိရပါတယ်။

“ဒီအစည်းအဝေးမှာ သမ္မတ မူအီဇူကို ကိုယ်စားပြုတဲ့ မော်လဒိုက် ကိုယ်စားလှယ်အဖွဲ့က မတ် ၁၅ ရက်မှာ အိန္ဒိယစစ်သားတွေ ဖယ်ရှားပေးရေး အဆိုပြုခဲ့ပါတယ်” လို့ သမ္မတရုံးရဲ့ မူဝါဒရေးရာ ညွှန်ကြားရေးမှူး အာမက် နာဇီယမ်က သတင်းထောက်တွေကို ပြောဆိုသွားပါတယ်။ ဒီရက်စွဲဟာ အစိုးရက အထူးသဖြင့် သမ္မတက အဆိုပြုခဲ့တာဖြစ်ပြီး ဒီကိစ္စအတွက် ဆွေးနွေးမှုတွေ ဆက်လုပ်နေတယ်လို့ သူက ဆက်လက် ပြောဆိုခဲ့ပါတယ်။

နယူးဒေလီရဲ့ ကြီးမားတဲ့ သြဇာလွှမ်းမိုးမှုဟာ အချုပ်အခြာ အာဏာအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်လို့ ရွေးကောက်ပွဲ မဲဆွယ်မှုမှာ မူအီဇူက ပြောဆိုထားခဲ့ပြီး အိန္ဒိယတပ်တွေ ဖယ်ရှားရေး ကတိပြုခဲ့ပါတယ်။

နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အရေးကိစ္စရပ်တွေအပေါ် နှစ်နိုင်ငံအကြား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုလုပ်ခဲ့တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက အတည်ပြုခဲ့ပေမယ့် ကျွန်းစုနိုင်ငံမှ စစ်သားတွေ ထွက်ခွာရမယ့်အရေးနဲ့ ပတ်သက်လို့တော့ နှုတ်ဆိတ်နေခဲ့ကြောင်း သိရပါတယ်။

Ref: Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here