နိုင်ငံအတွင်းကြုံတွေ့နေရသည့် ခက်ခဲကြမ်းတမ်းမှုများ၏ အဖြေမှာ အမျိုးသားရင်ကြားစေ့ရေးပင်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ပြောကြား

0
155

လက်ရှိနိုင်ငံအတွင်း ကြုံတွေ့နေရသော အခက်အခဲများနှင့်ကြမ်းတမ်းခက်ထန်မှုများအတွက် အဓိကကျသော အဖြေမှာ အမျိုးသားရင်ကြားစေ့ရေး၊ စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပင်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ယနေ့ ဇန်နဝါရီ(၁၅) ရက်တွင် ကျရောက်သည့် (၇၂) နှစ် မြောက် ကယားပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိကာလတွင် ကယားပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသများတွင် လက်နက်ကိုင် တိုက်ပွဲများဖြစ်ပွား‌နေသည့်အတွက် ဒေသခံတိုင်းရင်းသား ပြည်သူများ  ဒုက္ခများစွာ ခံစားနေကြရပြီး နိုင်ငံအတွက် အန္တရာယ်များလာနိုင်သည့်အတွက် သက်ဆိုင်သူအားလုံးနှင့် တိုင်းရင်းသား ပြည်သူများအနေဖြင့်  တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် အလေးထားစဉ်းစား ဆောင်ရွက်သင့်ပြီ ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ပြည်ထောင်စုအရေး၊ နိုင်ငံရေးနှင့် တိုင်းရင်းသား ပြည်သူအားလုံး၏ အရေးကို အလေးပေးကာ တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား ပြည်သူအားလုံးတို့က လက်တွဲညီစွာဖြင့် ဝိုင်းဝန်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းလည်း နစက ဥက္ကဋ္ဌက ဆိုသည်။

နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေး ရည်မှန်းချက်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိပြီး စီးပွားရေး မောင်းနှင်အားကို မဏ္ဍိုင်ပြု၍ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME)များကို အားပေးမြှင့်တင်ပေးလျက်ရှိသည့်အတွက် တိုင်းရင်းသားများအနေဖြင့်လည်း အဆိုပါ အမျိုးသားရေး ရည်မှန်းချက်များ အောင်မြင်ရေး ကျရာကဏ္ဍမှ ပါဝင်ဆောင်ရွက် သွားကြရန်လည်း ၄င်းက တိုက်တွန်း ပြောကြားထားသည်။

ကယားပြည်နယ်ရှိ တိုင်းရင်းသားများ အနေဖြင့်လည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင် အတွေးအခေါ်အယူအဆ မှန်ကန်စွာဖြင့် စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်သွားကြရန်လည်း နစကဥက္ကဋ္ဌက တိုက်တွန်း ပြောကြားထားသည်။

ထို့အပြင် လက်ရှိ ကယားပြည်နယ်အတွင်း၌ လုပ်ဆောင်နေကြသည့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များသည် ကယားပြည်နယ်နှင့် ဒေသခံတိုင်းရင်းသားများ၏ ကောင်းကျိုးကို ဖော်ဆောင်နိုင်မည် မဟုတ်ဘဲ နိုင်ငံတော်နှင့် ပြည်သူအားလုံးအတွက် အန္တရာယ်ဖြစ်စေကြောင်း သတိထားဆင်ခြင်နိုင်ကြရန် လိုအပ်သည်ဟုလည်း ၎င်းကဆိုသည်။

ကရင်နီ ပြည်နယ်သည် ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ပြည်နယ်တစ်ခုအဖြစ်ပါဝင်ခဲ့ပြီး ၁၉၅၁ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ချက် အက်ဥပဒေအရ လူထုဆန္ဒဖြင့်  ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်မှစတင်ကာ ကရင်နီပြည်နယ်မှ ကယားပြည်နယ်အဖြစ် တရားဝင် ပြောင်းလဲခေါ်ဝေါ်ခဲ့ပြီး ယင်းကဲ့သို့ ကယားပြည်နယ်ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည့် နေ့ရက်ကို “ကယားပြည်နယ်နေ့” အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here