အိန္ဒိယ အတိုက်အခံပါတီက ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံတစ်ဝန်း ချီတက်ပွဲ စတင်

0
179

ယခုနှစ်ရဲ့ အရေးပါတဲ့ ရွေးကောက်ပွဲမတိုင်မီ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီရဲ့ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီကို ရှုံးနိမ့်ထားမှုအချို့ ပြန်ရယူနိုင်ရေးကြိုးပမ်းချက်အဖြစ် အိန္ဒိယရဲ့ အဓိက အတိုက်အခံ ကွန်ဂရက်ပါတီဝင်တွေနဲ့ ပါတီ ထောက်ခံသူ ထောင်ပေါင်းများစွာဟာ ၂ လကြာမြင့်မယ့် နိုင်ငံတစ်ဝန်း ချီတက်ပွဲကို တနင်္ဂနွေနေ့မှာ စတင်ခဲ့ကြောင်း သိရပါတယ်။

ချီတက်ပွဲကို ဂန္ဒီမိသားစု မျိုးဆက် ရာအူးလ်ဂန္ဒီက ဦးဆောင်ကာ နိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူရ်ပြည်နယ် Thoubal ခရိုင်ကနေ စတင်ခဲ့တာဖြစ်ပါတယ်။ “စည်းလုံးညီညွတ်သော အိန္ဒိယ တရားမျှတရေး ချီတက်ပွဲ” ဟာ မိုင်ပေါင်း ၄၁၇၁ မိုင်ကို ၆၇ ရက်ကြာ ချီတက်မှာဖြစ်ပြီး ပြည်နယ် ၁၅ ပြည်နယ်မှ ခရိုင်ပေါင်း ၁၁၀ ကို ဖြတ်သန်းသွားမှာဖြစ်ကာ ခရီးလမ်းအများစုကို ဘတ်စ်ကားတွေနဲ့ ချီတက်မှာဖြစ်ပေမယ့် လမ်းလျှောက်ချီတက်မှုတွေလည်း ပါဝင်မှာဖြစ်တယ်လို့ ပါတီရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။

ရွေးကောက်ပွဲတွေအတွက် ထောက်ခံတဲ့ လူထုစုရုံးချီတက်မှုဟာ ပြီးခဲ့တဲ့ ၂ နှစ်တာကာလအတွင်း ကွန်ဂရက်ပါတီရဲ့ ဒုတိယမြောက် လမ်းပေါ် လှုပ်ရှားမှုဖြစ်ကြောင်း သိရပါတယ်။

၂၀၂၂ ခုနှစ် အနှောင်းပိုင်းက ဂန္ဒီဦးဆောင်တဲ့ “စည်းလုံးညီညွတ်သော အိန္ဒိယ ချီတက်ပွဲ” ကိုတော့ တောင်ပိုင်း ကမ်းရိုးတန်းမြို့ Kanyakumari ကနေ အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားဒေသအထိ ချီတက်ခဲ့ပါတယ်။ ယင်းချီတက်ပွဲမှာတော့ မိုင်ပေါင်း ၂၂၁၈ မိုင်ကို ပြည်နယ်ပေါင်း ၁၂ ပြည်နယ်ကိုဖြတ်ကာ ၅ လကြာ ခရီးနှင်ခဲ့ကြပြီး မိုဒီအစိုးရရဲ့ စီးပွားရေး မညီမျှချက် ကြီးထွားလာခြင်းနဲ့ ဘာသာရေးကွဲလွဲမှုမြင့်တက်လာခြင်းတို့အပေါ် စိန်ခေါ်ခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ရွေးကောက်ပွဲတွေကို ဧပြီလ သို့မဟုတ် မတ်လလောက်မှာ ကျင်းပသွားဖို့ မျှော်လင့်ရကာ ဆယ်စုနှစ်တစ်ခု နီးပါးကြာ အာဏာရယူနိုင်ခဲ့အပြီး လူကြိုက်များမှုရှိနေဆဲဖြစ်တဲ့ မိုဒီအနေနဲ့ ဒီနှစ်မှာလည်း ဝန်ကြီးချုပ်သက်တမ်း သုံးကြိမ်ဆက် အနိုင်ရနိုင်တယ်လို့ လေ့လာဆန်းစစ်ချက်များစွာက ခန့်မှန်းထားတယ်လို့ သိရပါတယ်။

Ref: ABC News


LEAVE A REPLY

Please enter your comment!
Please enter your name here