အီရန် သိမ်းပိုက်လိုက်သည့် ရေနံတင်သင်္ဘောမှ သင်္ဘောသားများ ဘေးကင်းစွာရှိနေဟု သင်္ဘောပိုင်ရှင် ဂရိကုမ္ပဏီ ပြောဆို

0
169

အမေရိကန်အားအတုံ့အလှည့်လုပ်သည့်အ​နေနဲ့ယခုသီတင်းပတ်အတွင်းတွင် ရေနံတင်သင်္ဘောတစ်စင်းကို အီရန်က သိမ်းပိုက်လိုက်ရာ အဆိုပါ သင်္ဘောပေါ်ပါ သင်္ဘောသားတွေ ဘေးကင်းစွာရှိနေတယ်လို့ သင်္ဘောပိုင်ရှင် ဂရိကုမ္ပဏီဘက်က တနင်္ဂနွေနေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

၎င်းတို့နဲ့ ဆက်စပ်သူတစ်ဦးက အီရန်အာဏာပိုင်တွေနဲ့ ဆက်သွယ်မှုလုပ်ခဲ့ကြောင်းနဲ့ စိန့်နီကိုလပ်စ် သင်္ဘောပေါ်ပါ သင်္ဘောသားအားလုံး ဘေးကင်းကင်းနဲ့ ကျန်းမာစွာရှိနေတယ်လို့ သတင်းပို့ခဲ့ကြောင်း သင်္ဘောကုမ္ပဏီ Empire Navigation က ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

အီရန်ဆိပ်ကမ်း ဘန်ဒါအဘတ်စ်အနီးမှာ ကျောက်ချထားတဲ့ မာရှဲလ်ကျွန်းစုနိုင်ငံအလံလွှင့် သင်္ဘောမှ သင်္ဘောသား ၁၉ ယောက်နဲ့ သူတို့ကိုယ်တိုင်တော့ တိုက်ရိုက် အဆက်အသွယ်မလုပ်နိုင်သေးဘူးလို့ကုမ္ပဏီက ပြောဆိုခဲ့ပါတယ်။ သင်္ဘောသားတွေထဲမှာ ဖိလစ်ပိုင်နိုင်ငံသား ၁၈ ဦးနဲ့ ဂရိနိုင်ငံသား တစ်ဦးတို့ပါဝင်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့နှစ်က အဆိုပါသင်္ဘောဟာ ၎င်းတို့ရဲ့ ရေနံတွေကို ခိုးထုတ်ခဲ့မှုအပေါ် လက်တုန့်ပြန်တဲ့အနေနဲ့ အိုမန်နိုင်ငံကမ်းလွန်းမှာ ကြာသပတေးနေ့က သင်္ဘောကို သိမ်းဆည်းလိုက်တာဖြစ်တယ်လို့ အီရန်က ပြောဆိုပါတယ်။ ထိုအချိန်က ယင်းသင်္ဘောကို အမေရိကန်က Suez Rajan လို့ ခေါ်ဆိုခဲ့ကြောင်းလည်း အီရန်နိုင်ငံပိုင် မီဒီယာက ဆိုခဲ့ပါတယ်။

အမေရိကန်ကတော့ ဒီလုပ်ရပ်ကို တရားမဝင်တဲ့ သိမ်းယူခြင်းလို့ဆိုကာ ရှုတ်ချခဲ့ပြီး သင်္ဘောနဲ့ သင်္ဘောသားတွေကို ချက်ချင်းလွှတ်ပေးဖို့ အီရန်ကို တောင်းဆိုခဲ့ပါတယ်။

အီရန်ရေနံတင်ပို့မှုတွေ သိမ်းပိုက်ခံလိုက်ရပြီးနောက်ပိုင်းမှာ ယခင်ကလည်း အီရန်ဟာ ပါးကိုက် နားကိုက် လုပ်ရပ်မျိုးတွေနဲ့ လက်တုန့်ပြန်ခဲ့ဖူးပါတယ်။

ဝါရှင်တန်ဟာ ၂၀၁၈ ခုနှစ်က သမိုင်းဝင် နျူကလီးယားသဘောတူညီချက်ကနေ နုတ်ထွက်ခဲ့အပြီးမှာ အီရန်ရဲ့ စွမ်းအင်တင်ပို့မှုတွေကို လျှော့ချဖို့ ကြိုးပမ်းချက်အဖြစ် အီရန် ရေနံနဲ့ ရေနံဓါတုထုတ်ကုန်တွေအပေါ် ပစ်မှတ်ထားကာ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့ပါတယ်။

သိမ်းယူခံလိုက်ရတဲ့ သင်္ဘောဟာ အီရန်နိုင်ငံမှ ရေနံစိမ်း ၁၄၅၀၀၀ တန် တင်ဆောင်ထားကာ စူးအက်တူးမြောင်းကနေတဆင့် တူရကီနိုင်ငံကို ထွက်ခွာနေတာဖြစ်တယ်လို့ သိရပါတယ်။

Ref: Barrons, CNA


LEAVE A REPLY

Please enter your comment!
Please enter your name here