တစ်ပါတ်အတွင်း ပြည်ပပို့ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၂၃၄ သန်းကျော်ရရှိထား

0
162

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်မှ ဇန်နဝါရီ လ (၅) ရက်ထိ ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၃၄ သန်းကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

လယ်ယာကဏ္ဍမှ ‌ပြောင်း၊ ပဲစဉ်းငုံ၊ ကုလားပဲ၊ ထောပတ်ပဲ၊ မြေပဲဆံ၊ နှမ်း၊ ကြက်သွန်နီ၊ ဂျင်းခြောက်၊ မန်ကျည်းသီး၊ သစ်သီးဝလံ ဖရဲသီး၊ ထောပတ်သီး၊ လိမ္မော်သီး၊ တစ်သျှူး ငှက်ပျောသီး၊ ငှက်ပျောသီး (ရိုးရိုး) တို့ကို ပိုမိုတင်ပို့ခဲ့ကြောင်း သိရသည်။

တရုတ်နှစ်သစ်ကူးကာလ နီးကပ်လာသဖြင့် တရုတ်နိုင်ငံမှ မြန်မာ့သစ်သီးဝလံများအား ဝယ်လိုအား ပြန်လည်မြင့်တက်ခဲ့ပြီး ယခုရက်သတ္တပတ်တွင် ဖရဲ၊ သခွား (သခွားမွှေး)၊ ငှက်ပျော သစ်သီးဝလံများကို ကျိုင်းတုံ၊ လွယ်ဂျယ်၊ ကံပိုင်တည်နယ်စပ်တို့မှ တစ်ဆင့် တရုတ်နိုင်ငံသို့ တန်ချိန် ၃၅,၀၀၀ ခန့်ထိတိုးတက်တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် တာချီလိတ်၊ မောတောင်နယ်စပ်တို့မှတဆင့် ထိုင်း နိုင်ငံသို့ လိမ္မော်သီး၊ ထောပတ်သီး၊ ငှက်ပျောသီးများကိုလည်း တင်ပို့လျက်ရှိပြီး ယခုအပတ် သစ်သီးဝလံတင်ပို့မှု တန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်အထိရရှိခဲ့ကြောင်း သိရသည်။

စိုက်ပျိုးမွေးမြူရေးကဏ္ဍမှ လယ်ယာထွက်ကုန်များ တင်ပို့နိုင်သည့်နည်းတူ ယခုရက်သတ္တပတ်တွင် ရေထွက်ပစ္စည်းများကိုလည်း ပင်လယ်ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှု ကဏ္ဍတို့မှ ပိုမိုတင်ပို့နိုင်ခဲ့ကာ နိုင်ငံပေါင်း ၂၀ သို့ ရေထွက်ကုန်တန်ချိန် ၃,၀၇၀ နှင့် တရုတ်၊ ထိုင်း အိမ်နီး ချင်း နိုင်ငံများသို့ နယ်စပ်စခန်းများမှတစ်ဆင့် တန်ချိန် ၇,၇၈၀၊ စုစုပေါင်း တန်ချိန် ၁၀,၈၅၀ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်အစတွင် ပြည်ပပို့ကုန်တန်ဖိုးမြင့်တက်လာပြီး သွင်းကုန်တင်သွင်းမှုမှာ ကျဆင်းလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့်အချက်အလက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here