လောင်စာခဲသုံး အသံလွန် ဒုံးကျည် စမ်းသပ်ခဲ့ခြင်းဟု မြောက်ကိုရီးယား ထုတ်ပြော

0
189

မြောက်ကိုရီးယားနိုင်ငံဟာ တနင်္ဂနွေနေ့က တာလတ်ပစ် လောင်စာခဲသုံး ဟိုက်ပါဆောနစ် (အသံထက်မြန်) ဒုံးကျည်သစ်တစ်စင်းကို စမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်းနဲ့ ဒီစမ်းသပ်မှုဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုမျိုးမဟုတ်ကြောင်း နိုင်ငံပိုင် သတင်းအေဂျင်စီ KCNA က တနင်္လာနေ့(ဇန်နဝါရီ ၁၅) မှာ သတင်းထုတ်ပြန်ပါတယ်။

ဒီစမ်းသပ်မှုဟာ ဘက်စုံအဆင့်၊စွမ်းအားမြင့် လောင်စာခဲ အင်ဂျင်အသစ်များနဲ့ တာလတ်ပစ် ဟိုက်ပါဆောနစ် ထိပ်ဖူးထိန်းကျောင်းနိုင်စွမ်းရဲ့ ယုံကြည်စိတ်ချရမှုကို စမ်းသပ်တဲ့ ပစ်လွှတ်မှုဖြစ်တယ်လို့ KCNA က ဆိုပါတယ်။

ယခု ဒုံးကျည်စမ်းသပ်မှုဟာ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွီ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ရုရှားနိုင်ငံကို အလည်အပတ်ခရီးထွက်ခွာသွားတဲ့ တစ်နေ့တည်းမှာ ပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ပြုံယမ်းရဲ့ တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်စမ်းသပ်နေမှုတွေ၊ ၎င်းတို့ရဲ့ ပထမဆုံး စစ်သုံး သူလျှိုဂြုဟ်တု လွှတ်တင်ခဲ့မှုတွေကြောင့် ကိုရီးယားနှစ်နိုင်ငံအကြား တင်းမာမှုတွေ ကြီးထွားနေချိန်ဖြစ်သလို ဝါရှင်တန်နဲ့ မဟာမိတ်တွေ စိုးရိမ်မှုရှိနေတဲ့ ပြုံယမ်း-မော်စကိုအကြား ဆက်ဆံရေး နက်ရှိုင်းလာနေချိန်မှာ ဒုံးကျည်စမ်းသပ်မှုနဲ့ ရုရှားခရီးစဉ်တို့ ပေါ်ပေါက်လာခြင်းလည်းဖြစ်ပါတယ်။

KCNA ရဲ့ တနင်္လာနေ့က သီးခြား မှတ်ချက်တစ်ခုမှာတော့ တောင်ကိုရီးယား အရာရှိတွေဟာ စစ်ရေးလေ့ကျင့်မှုတွေ၊ လက်နက်တပ်ဆင်ရေး တောင်းဆိုချက်တွေလုပ်ကာ ဒေသတွင်း တင်းမာမှုတွေ အရှိန်မြင့်အောင်လုပ်ဆောင်နေတယ်လို့ မြောက်ကိုရီးယားက ဆိုးလ်ကို စွပ်စွဲခဲ့တယ်လို့ ဆိုပါတယ်။

Ref: Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here