ထီလက်မှတ်ဝယ်ယူရောင်းချလိုသူများ ဇန်နဝါရီ (၁၆)မှ ဇန်နဝါရီ (၂၉)ရက်အတွင်း လျှောက်ထားနိုင်

0
146

၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ်အတွက် ၁၀၀၀ ကျပ်တန် ထီလက်မှတ်စာအုပ်များ ဝယ်ယူရောင်းချလိုသူများ အနေဖြင့် ဇန်နဝါရီ (၁၆) မှ ဇန်နဝါရီ (၂၉)ရက်အတွင်း လျှောက်ထားနိုင်ပြီဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ  ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ၂၀၂၄ ခုနှစ် ဧပြီလမှ ၂၀၂၅ ခုနှစ် မတ်လအတွက် ကျပ် ၁၀၀၀ တန် အောင်ဘာလေ ထီလက်မှတ်စာအုပ်များကို ၂၀၂၄ ခုနှစ် ဧပြီလတွင် စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းဌာနတွင် ဖော်ပြထားချက်အရ သိရသည်။

ထို့ကြောင့် ထီစာအုပ် ဝယ်ယူရောင်းချလိုသူများမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သူများအနေဖြင့် အောင်ဘာလေသိန်းဆုဌာနခွဲ (ရန်ကုန်)၊ မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း နေထိုင်သူများအနေဖြင့် အောင်ဘာလေသိန်းဆုဌာနခွဲ (မန္တလေးရုံးခွဲ)သို့ လျှောက်ထားနိုင်ကြောင်း သိရသည်။

ပြည်ထောင်စုနယ်မြေအပါအဝင် မန္တလေးမြို့တော် စည်ပင်သာယာရေးနယ်နိမိတ်ပြင်ပနှင့် ကျန်တိုင်းနှင့် ပြည်နယ်များမှ အောင်ဘာလေထီ လက်မှတ်စာအုပ်များ ဝယ်ယူရောင်းချလိုသူများအနေဖြင့် မိမိတို့ နေထိုင်ရာ မြို့နယ်အခွန်ဦးစီး ဌာနမှူးရုံးများသို့ လျှောက်ထားနိုင်ကြောင်း သိရသည်။

“အောင်ဘာလေထီစာအုပ် ဝယ်ယူရောင်းချဖို့ လျှောက်ထားသူများတွေ ထီလုပ်ငန်း အမှန်တကယ် လုပ်ကိုင်ပြီး  ထီဆိုင်ဖွင့်လှစ်ရောင်းချသူများဖြစ်ရန်လိုအပ်ရာ နိုင်ငံသားစီစစ်ရေး ကဒ်ပြား မူရင်း/မိတ္တူ၊ အိမ်ထောင်စု လူဦးရေ စာရင်း မူရင်း/မိတ္တူ၊ ထီစာအုပ်ဝယ်ယူရရှိပါက သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမယ်လို့  ကတိခံဝန်ချက် စတာတွေကို လျှောက်လွှာနဲ့အတူ ကိုယ်တိုင်တင်ပြလျှောက်ထားရပါမယ်” ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူက ဆို သည်။ 

ထီလုပ်ငန်းရှင်အဟောင်းများအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ လစဉ် ကျပ် ၁၀၀၀ တန် ထီလက်မှတ် စာအုပ် ဝယ်ယူရောင်းချခဲ့မှုအပေါ် မိမိနေထိုင်ရာ (သို့) လုပ်ငန်းတည်ရှိရာ မြို့နယ်အခွန်ဦးစီးဌာနမှူး ရုံးမှ ထီဆိုင်လုပ်ငန်းအတွက် အခွန်ကိစ္စဆောင်ရွက်ပြီးကြောင်း ထောက်ခံစာမူရင်း (သို့မဟုတ်) ထီဆိုင်လုပ်ငန်း အတွက် အခွန်ကိစ္စလုံလောက်သောအစီအစဉ်များ ပြုလုပ်ပြီးကြောင်း ထောက်ခံစာမူရင်းကို ပူးတွဲတင်ပြရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လျှောက်လွှာများကို သက်ဆိုင်ရာ ရုံးများသို့ ဇန်နဝါရီ (၁၆) ရက်မှ ဇန်နဝါရီ(၂၉) ရက်အတွင်း တင်သွင်းရမည်ဖြစ်သည်။

လစဉ်ဝယ်ယူခွင့်ရရှိထားသော ထီစာအုပ်အရေအတွက်အရ ထီလက်မှတ် (၁၁)စောင်ပါ ထီစာအုပ် တစ်အုပ်လျှင် အာမခံငွေ (Deposit) (၂၀၀)ကျပ်နှုန်းဖြင့် (၃)လစာ အတွက် ကျပ် (၆၀၀) ကို ကြိုတင် ပေးသွင်းရမည်ဖြစ်သည်။

ထီစာအုပ်ဝယ်ယူရောင်းချလိုသူများအနေဖြင့် တစ်လလျှင် မိမိရောင်းရမည့် ထီစာအုပ်အရေအတွက်အရ ဘဏ္ဍာနှစ်တစ်နှစ်လုံးအတွက် တာဝန်ယူရောင်းချမည့် ထီစာအုပ်အရေအတွက်ကို ဖော်ပြလျက် မပျက်မကွက် ဝယ်ယူမည်ဖြစ်ကြောင်း သဘောတူကတိစာချုပ် ချုပ်ဆိုရမည် ဖြစ်ကြောင်း သိရသည်။

ထီစာအုပ်များဝယ်ယူရောင်းချရန် သဘောတူစာချုပ်ချုပ်ဆိုပြီး စာချုပ်ပါအတိုင်း လိုက်နာရန်ပျက်ကွက်ပါက ထီစာအုပ်ဝယ်ယူခွင့် ရပ်စဲခြင်း၊ အာမခံငွေ (Deposit)များ နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းယူခြင်းလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝယ်ယူခွင့်ရရှိသည့် ထီစာအုပ်အရေအတွက်အား အတည်ပြုချက်ရရှိပါက အာမခံငွေ(Deposit) ပေးသွင်းခြင်း၊ သဘောတူကတိစာချုပ်ချုပ်ဆိုခြင်းများကို ၂၀၂၄ ခုနှစ် မတ်လ (၄)ရက် နောက်ဆုံးထား၍ အပြီးသတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း သိရသည်။

ထိုသို့ သတ်မှတ်ချက်မလိုက်နာနိုင်ပါက ထီစာအုပ် ဝယ်ယူခွင့်ရရှိသူစာရင်းမှ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here