ယီမင်နိုင်ငံအနီးတွင် အမေရိကန်ပိုင် သင်္ဘောတစ်စီး ဒုံးကျည် ထိမှန်

0
236

ယီမင်နိုင်ငံအနီး အေဒင်ပင်လယ်ကွေ့တွင်းရှိ အမေရိကန်ပိုင် သင်္ဘောတစ်စင်းအား ယီမင်နိုင်ငံထဲမှ ပစ်လွှတ်ခဲ့သော ဒုံးကျည်တစ်စင်း တနင်္လာနေ့က ထိမှန်ခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အမေရိကန် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က အဆိုပါ သင်္ဘောသည် မာရှယ်ကျွန်းစုများ အလံလွှင့်ထူထားသည့် ကုန်တင်သင်္ဘောကြီး M/V Gibraltar Eagle ဖြစ်ကြောင်း သတ်မှတ်ခဲ့သည်။ သင်္ဘောကို စတင်းဖို့၊ ကွန်နက်တီကပ်ပြည်နယ်အခြေစိုက် Eagle Bulk သင်္ဘောကုမ္ပဏီ က ပိုင်ဆိုင်သည်။

“ဇန်န၀ါရီလ ၁၅ ရက်နေ့ ညနေ (၄) နာရီခန့်တွင် အီရန်ကျောထောက်နောက်ခံပြု ဟူသီစစ်သွေးကြွများသည် ယီမင်နိုင်ငံရှိ ဟူသီထိန်းချုပ်နယ်မြေများမှ သင်္ဘောဖျက်ဒုံးကျည်တစ်စင်းကို ပစ်ခတ်ခဲ့ပြီး၊ ယင်းဒုံးကျည်သည် အမေရိကန်ပိုင် M/V Gibraltar Eagle ကို ထိမှန်ခဲ့သည်။ အဆိုပါ သင်္ဘောသည် အရပ်ဖက် ကွန်တိန်နာသင်္ဘောတစ်စင်းသာဖြစ်သည်” ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။ ထိခိုက်ဒဏ်ရာရရှိမှု သို့မဟုတ် သိသိသာသာ ပျက်စီးမှုမရှိကြောင်း သိရသည်။ သင်္ဘောသည်လည်း ခရီးဆက်မောင်းနှင်ဆဲဖြစ်သည်။

ယင်းသည် စီးပွားဖြစ် သင်္ဘောများကို နိုဝင်ဘာ ၁၉ ရက်ကစ၍ ဟူသီတို့၏ အကြိမ် ၃၀ မြောက် တိုက်ခိုက်မှုဖြစ်သည်။

အရှေ့အလယ်ပိုင်း ရေပြင်ကို ကြီးကြပ်သည့် ဗြိတိန် ရေကြောင်း ကုန်သွယ်မှုစီမံရေးဌာနကလည်း အေဒင်မြို့ အရှေ့တောင်ဘက် မိုင် ၁၁၀ အကွာတွင် ယခုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း တနင်္လာနေ့တွင် အတည်ပြု ပြောကြားခဲ့သည်။ ရေယာဉ်၏ ဆိပ်ကမ်းဘက်ခြမ်းကို ဒုံးကျည်တစ်ခုက အထက်မှ ထိမှန်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here