ပြည်တွင်းမှ ထိုင်းနိုင်ငံသို့ ရက်တိုအလည်အပတ်ခရီးစဉ် သွားရောက်လည်ပတ်မှု များပြားနေ

0
216

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ရက်တိုအလည်အပတ် ခရီးစဉ် သွားရောက်လည်ပတ်မှု များပြားနေကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

ယင်းသို့ သွားရောက်လည်ပတ်ကြရာတွင် ခရီးစဉ်များအနက် (၃) ရက်၊ (၄)ရက် ခရီးစဉ်အနေဖြင့် ရက်တိုခရီးစဉ် သွားရောက်လည်ပတ်မှု များပြားကြောင်း သိရသည်။

“ပြည်ပခရီးစဉ် အနေနဲ့ အခုလက်ရှိ အလည်အပတ်သွားရောက်မှုများနေတာကတော့ ထိုင်းနိုင်ငံကိုပါ။ ပြီးခဲ့တဲ့လ ပိတ်ရက်တွေကတည်းက အခုထိ အသွားများနေသေးတယ်။ အများစုကတော့ ထိုင်းနိုင်ငံကို ရက်တိုအလည်အပတ်သွားရောက်ကြတာများတယ်”ဟု ဦးနောင်းနောင်းဟန်က ပြောသည်။

ဖေဖော်ဝါရီလမှ ဧပြီလအထိ ပြည်ပသို့ ခရီးသွားအများဆုံး သွားရောက်လည်ပတ်ကြသည့် လများဖြစ်ပြီး လာမည့်ဖေဖော်ဝါရီလမှစ၍ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ ဘုရားဖူးခရီးစဉ်သွားရောက်မှု ပိုမိုများပြားနိုင်ကြောင်း သိရသည်။

“ဒီဇင်ဘာ၊ ဇန်နဝါရီလက နည်းနည်းလေးအေးတော့ ဗုဒ္ဓဂယာဘုရားဖူးက အသွားနည်းတယ်။ ဒါပေမဲ့ (၂) လပိုင်းကစပြီး ခရီးသွားဖို့ ရာသီဥတုအခြေအနေကလည်း ကောင်းတဲ့အတွက် ဒီလတွေမှာ ခရီးသွားများတယ်။ သင်္ကြန်ရက်တွေဆိုရင် ဗုဒ္ဓဂယာဘုရားဖူးကလည်း အများဆုံး သွားရောက်ကြတယ်။ ဒါကြောင့် ဖေဖော်ဝါရီလမှ ဧပြီလအထိ ဗုဒ္ဓဂယာသွားတာအများဆုံးပဲ”ဟု ၎င်းကဆိုသည်။

ထို့အပြင် မတ်လနှင့်ဧပြီလတွင် ဗီယက်နမ်ခရီးစဉ်၊ ဥရောပသို့ ရက်ရှည်သွားရောက်လည်ပတ်ကြသည့် ခရီးစဉ်အချို့ရှိကြောင်း ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here