ဆန်ဈေးနှုန်းများသတ်မှတ်ရာပြီးခဲ့သည့်လထက်ဈေးနှုန်းမြင့်တက်လာ

0
159

ယခု ဇန်နဝါရီလလအတွက် အမျိုးအစားအလိုက်ရောင်းချရမည့် ဆန်ဈေးနှုန်းများကို သတ်မှတ်ထုတ်ပြန်ထားပြီး ပြီးခဲ့သည့် ဒီဇင်ဘာလထက် ဈေးနှုန်းမြင့်တက်လာကြောင်း  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ဧည့်မထအုပ်စု ၂၅ မှတ်ဆန်တစ်အိတ်လျှင် ၆၂၀၀၀ ကျပ်ဖြစ်ပြီး ယခုလတွင် ၇၂၀၀၀ ကျပ်၊ ၁၅ မှတ် ဆန်တစ်အိတ်လျှင် ၆၄၀၀၀ ကျပ်မှ ၇၅၀၀၀ကျပ်၊ ၁၀-၅ မှတ်ဆန်တစ်အိတ်လျှင် ၆၈၀၀၀ မှ ၇၈၀၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရက် ၉၀၊ ပခန်း၊ အညာသား၊ အထူးဧည့်မထ အုပ်စုများကိုမူ ဆန်အရည်အသွေးပေါ် မူတည်ပြီး ယခင်လဈေး ၆၈၀၀၀ ကျပ်မှ ၇၂၀၀၀ ကျပ်ဖြစ်ပြီး ယခု ၈၀၀၀၀ ကျပ်မှ ၈၅၀၀၀ ကျပ်၊ ဧရာမင်း/ဧရာပဒေသာ(မြန်မာပြည်အထက်ပိုင်း)ရှိ ဈေးနှုန်းမှာ ယခင်လတွင် ၉၀၀၀၀ မှ ၉၅၀၀၀ ကျပ်ဖြစ်ပြီး ယခုတွင် ၉၅၀၀၀ မှ ၁၀၀၀၀၀ ကျပ်အထိဖြစ်ကြောင်း သိရသည်။

ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ်လျှင်ကျပ် ယခင် ၉၀၀၀၀ မှ ၉၅၀၀၀ ကျပ်ဖြစ်ပြီး ယခုတွင် ၁၀၀၀၀၀ ကျပ်မှ ၁၁၀၀၀၀ ကျပ်အထိ သတ်မှတ်ထားကြောင်း သိရသည်။

ယင်းကဲ့သို့ ဈေးနှုန်းများ သတ်မှတ်ထားသော်လည်းလက်လီ၊ လက်ကားဈေးကွက်အတွင်း ရောင်းချမှုများအတွက် ဈေးနှုန်း ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ကွာဟနိုင်သကဲ့သို့  စူပါမားကတ်များ၊ မီနီမတ်များတွင်  Coustomer Packaging နှင့် Modern Tradeရောင်းချမှုများအတွက်ဈေးနှုန်း ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ကွာဟနိုင်ကြောင်း အသိပေးထားသည်။

အဆိုပါ ရည်ညွှန်းဈေးများကို စိုက်ပျိုးသူတောင်သူများ၊ ဆန်စက်လုပ်ငန်းများ၊ သိုလှောင်ဖြန့်ဖြူးရောင်းချသူများအနေ ဖြင့် စားသုံးသူများအတွက် သင့်တင့်မျှတသောဈေးနှုန်းများဖြစ်စေရန် ထည့်သွင်း စဉ်းစားတွက်ချက်ပေးခြင်းဖြစ်ကြောင်း ဆန်စပါးအသင်းချုပ်က ဆိုသည်။

ထို့အပြင် ယခုထုတ်ပြန်သည့် ဈေးနှုန်းများမှာ ယခင်နှစ်ကဈေးနှုန်းများ၊ နိုင်ငံတကာဈေးနှုန်းများ၊ ပြည်တွင်းဈေးကွက်ရှိ အခြားကုန်ဈေးနှုန်းများနှင့် ချင့်ချိန်ဆက်စပ် တွက်ချက်ထားခြင်းဖြစ်ကြောင်းလည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here