ဓါးစာခံနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ဟားမတ်စ်အဖွဲ့ ထုတ်ပြ       

0
222

ပါလက်စတိုင်း အစ္စလာမ်မစ်အုပ်စု ဟားမတ်စ်အဖွဲ့က အစ္စရေး ဓါးစာခံနှစ်ဦးရဲ့ ရုပ်အလောင်းတွေလို့ဆိုတဲ့ ဗီဒီယိုဖိုင်သစ်တစ်ခုကို တနင်္လာနေ့မှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်ကို စစ်ဆေးအတည်ပြုမှုလုပ်နေဆဲလို့ အစ္စရေးစစ်တပ်က ပြောဆိုသလို ဓါးစာခံတွေရဲ့ ကံကြမ္မာနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်တယ်လို့ ဆိုခဲ့ပါတယ်။

ဗီဒီယိုထဲမှာတော့ အသက် ၂၆ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ နိုအာ အာဂါမာနီက အဖြူရောင်နံရံတစ်ခုရှေ့မှာ စာရွက်တစ်ခုကို ဖတ်နေခဲ့ပြီး သူ့အပေါင်းအဖော် ဓါးစာခံနှစ်ဦးဖြစ်တဲ့ အီတိုင်ဗီရာစကီနဲ့ ယိုစီ ရှာရာဘီတို့ သေဆုံးခဲ့ပြီဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ ယင်းနောက် အမျိုးသားနှစ်ဦးရဲ့ အလောင်းလို့ ယူဆရတဲ့ ပုံတွေကို ပြအပြီးမှာ ဗီဒီယို အဆုံးသတ်သွားခဲ့ပါတယ်။

ဓါးစာခံနှစ်ဦးဟာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေမှာ သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဗီဒီယိုမှာ အာဂါမာနီက ပြောဆိုခဲ့ပြီး သူမကိုယ်တိုင်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုထားပါတယ်။

အမျိုးသားနှစ်ဦးထဲက တစ်ဦးဟာ ဓါးစာခံ အီတိုင် ဆဗီရာစကီဖြစ်တယ်လို့ အစ္စရေးစစ်တပ် ပြောရေး ဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒန်နီရယ် ဟာဂါရီက ထုတ်ဖော်ပြောဆိုပေမယ့် မိသားစုရဲ့ တောင်းဆိုချက်အရ ဒုတိယ အမျိုးသားရဲ့ အမည်နဲ့ အခြားအသေးစိတ်အချက်အလက်တွေကို ပြောဆိုခဲ့ခြင်း မရှိပါဘူး။

အီတိုင်ကို ကျွန်တော်တို့တပ်တွေက ပစ်ခဲ့တာ မဟုတ်ပါဘူး၊ ဒါက ဟားမတ်စ်ရဲ့ အလိမ်အညာတစ်ခုပါ၊ သူတို့ကို ဖမ်းဆီးထားတဲ့ အဆောက်အအုံဟာ ပစ်မှတ်တစ်ခု မဟုတ်ခဲ့ပါဘူး။ ကျွန်တော်တို့တပ်တွေ ဒီအဆောက်အအုံကို တိုက်ခိုက်ခဲ့ခြင်း မရှိပါဘူး” လို့ ဟာဂရီက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

အထဲမှာ ဓါးစာခံတွေ ရှိနေတယ်ဆိုတာ သိထားတဲ့ နေရာတစ်ခုကို မိမိတို့ တိုက်ခိုက်မှာ မဟုတ်ပါဘူးလို့လည်း သူက ပြောဆိုပါတယ်။ ဟားမတ်စ်အဖွဲ့က တင်ခဲ့တဲ့ ဓါတ်ပုံတွေနဲ့အတူ အခြားရရှိထားတဲ့ သတင်းအချက်အလက်တွေကို စစ်တပ်က စစ်ဆေးသုံးသပ်နေတယ်လို့ သူက ဆက်လက် ပြောဆိုခဲ့ပါတယ်။

Ref: ဆောက်ချိုင်းနား မောနင်းပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here