ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍမှ လုပ်ငန်း (၈၇၉) ခု ကိုဗစ်ချေးငွေ အတိုးများ ပေးဆပ်ထား

0
175

ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့သည့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍမှ လုပ်ငန်း (၈၇၉)ခုမှ ကိုဗစ်ချေး ငွေအတိုးများ ပေးဆပ်ထားကြောင်း လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၏ ပြောပြချက်အရ သိရသည်။

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) တွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌက နိုင်ငံတော် ၏ လှည့်ပတ်ရန်ပုံငွေကျပ် ဘီလီယံ ၅၀ ပြန်လည်ပေးဆပ်ပြီးစီးမှု အခြေအနေ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အထွေထွေပိုလျှံရန်ပုံငွေမှ ထုတ်ပေးထားသည့် ငွေကျပ်ဘီလီယံ ၁၅၀ မှ ငွေကျပ် ၁၀ ဘီလီယံ စုစုပေါင်း ငွေကျပ် ၆၀ ဘီလီယံကို ပြန်လည်ပေးဆပ်ပြီးစီးမှု အခြေအနေ၊ ချေးငွေအရင်း ပြန်လည်ကောက်ခံရေး လုပ်ငန်းစဉ်များကို တိုင်းဒေသကြီး/ပြည်နယ် စီစစ်ကြပ်မတ်ရေးအဖွဲ့များမှ ကြိုးပမ်းဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ ပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် ချေးငွေသက်တမ်း ၃ နှစ်ပြည့်မြောက်ပြီးသည့် လုပ်ငန်းရှင်များမှ ချေးငွေပြန်လည်ပေးဆပ်မှုအခြေအနေနှင့် ရုပ် ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍမှ လုပ်ငန်း ၈၇၉ ခုအနေဖြင့် အတိုးများအား ကာလစေ့ရောက်သည့်နေ့တွင် ပေးဆပ်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါချေးငွေကို ရည်ရွယ်ချက်အတိုင်း ထိရောက်စွာဆောင်ရွက်လျက်ရှိကြောင်းစီစစ်တွေ့ရှိပါက ချေးငွေသက်တမ်း (၂) နှစ် စေ့ရောက်သည့်နေ့မှစ၍ နောက်ထပ်တစ်နှစ် ထပ်မံတိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဆက်လက်၍ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က ချေးငွေစီစစ်ကြပ်မတ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပြည်နယ်/တိုင်းဒေသကြီးအလိုက် ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ယူထားသည့် ကုမ္ပဏီ/လုပ်ငန်းများမှ အတိုးအရင်းကောက်ခံရရှိမှုနှင့် သက်ဆိုင်ရာဌာနများ၊ ချေးငွေကြီးကြပ်ရေးအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here