လက်နက်ကိုင် ပဋိပက္ခများရှိနေသော်လည်း ရခိုင်ပြည်နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ(၂၀၂၄) ကျင်းပပြုလုပ်သွားမည်

0
174

ရခိုင်ပြည်နယ်အတွင်း၌ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားမှုများရှိနေသော်လည်း ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စာစစ်ဌာနများ စနစ်တကျ ဖွင့်လှစ်နိုင်ရေးကို ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြရန်ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းက ပြောသည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၊ စာစစ်ဌာနများ စနစ်တကျ ဖွင့်လှစ်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ဇန်နဝါရီ (၁၅)ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဒေသတစ်ခု၏ ပညာရည် ဖွံဖြိုးတိုးတက်မှုကို တိုင်းတာသည့်အခါ တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက် ရာနှုန်းမြှင့်မားရေးသည်လည်း အချက်တစ်ချက်အနေဖြင့် ပါဝင်နေခြင်းကြောင့် ရခိုင်ပြည်နယ် အစိုးရအဖွဲအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲမှာ အထောက်အကူဖြစ်စေရန် လိုအပ်ချက်များကိုလည်း ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို  မတ်လ(၁၁)ရက်မှ စတင်၍ (၁၉)ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံစာစစ်ဌာနမှ ရခိုင်ပြည်နယ်တွင် စာစစ်ဌာန (၇၃)ခု သတ်မှတ်ပေးထားကြောင်း သိရသည်။

ရခိုင်ပြည်နယ်အနေဖြင့် ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှ စတင်၍ မသမာမှု ကင်းရှင်းရေးကို အထူးဦးစားပေး ဆောင်ရွက်ခဲ့ကြောင်း၊ မသမာမှုကင်းရှင်းရေးလုပ်ငန်းများကို အခြေခံပညာကျောင်းများ အပါအဝင် မိဘ၊ ဆရာ၊ ကျောင်းသားများအထိ အသိပေးထားကြောင်း သိရသည်။ 

ထိုကြောင့် ယခု ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲမှာလည်း မသမာမှု ကင်းရှင်းရေးကို အဓိကထားပြီး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကြီးကြပ်ရေးမှူးများအနေဖြင့်လည်း မိမိတို့၏ ဆောင်ရွက်မှု အတွေ့အကြုံ တာဝန်ဝတ္တရားနှင့်အညီ မသမာမှု ကင်းရှင်းစွာ ကျင်းပစစ်ဆေးနိုင်ရေးကို အလေးထားဆောင်ရွက်ရန် မှာကြားလိုကြောင်း၊ စာမေးပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူအားလုံးက လုံခြုံရေးသတိဖြင့် ဂရုတစိုက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။ 

စာမေးပွဲစစ်ဆေးမည့် စာစစ်ဌာန(၇၃)ခု၏အခြေအနေများနှင့် ပတ်သက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူးများ၊ မြိုနယ် အုပ်ချုပ်ရေးမှူးများအနေဖြင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြစေလိုကြောင်းနှင့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ရခိုင်ပြည်နယ်အတွင်း အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မိမိခရိုင်အလိုက် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် စာစစ်ဌာနများ၏ အခြေအနေများကို ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်းလည်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

အဆိုပါ ညှိနှိုင်း အစည်းဝေးသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲဝင်များ၊ စစ်တွေ တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်တိုမှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပြည်နယ်ပညာ ရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌများနှင့် ပညာရေးမှူးများက Video Conference စနစ်ဖြင့် တက်ရောက်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here