သက်တမ်း (၇) နှစ်ပြည့်သွားသည့်  YBS ၊ မည်မျှ ပြောင်းလဲနိုင်ခဲ့သနည်း

0
272

ယနေ့ ဇန်နဝါရီလ (၁၆) ရက်သည် YBS ဟု အများက ခေါ်ကြသည့် ရန်ကုန်ဘတ်စ်ကားဝန်ဆောင်မှု – Yangon Bus Service စနစ်သို့ ​ပြောင်းလဲကာစတင်ပြေးဆွဲသည့် (၇) နှစ်ပြည့်ဖြစ်သည်။

ယင်းသို့‌ပြောင်းလဲရခြင်းသည် မထသ မော်တော်ယာဉ်လိုင်းလက်ထက်တွင် စည်းကမ်းပျက်ခြင်း၊ ခရီးသည်များအပေါ်တွင် မချေမငံပြောဆိုခြင်း၊ ကားကိုမဆင်မခြင်မောင်းနှင်ခြင်း အစရှိသော ပြဿနာများအပေါ်  အခြေခံ၍ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပြောင်းလဲမှုကာလအတွင်း အချို့သောယာဉ်လိုင်းများမှာ အပြောင်းအလဲကို လိုက်ပါနိုင်ခဲ့သော်လည်း အချို့သောလိုင်းကားများ ထူးမခြားနားပင်ရှိနေသေးသည်။

ယာဉ်တစ်စီးနှင့်တစ်စီး အပြိုင်အဆိုင်မောင်းနှင်ခြင်း၊ သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းခြင်း၊ ရပ်ရမည့် မှတ်တိုင်တွင် မရပ်ခြင်း၊ လိုအပ်သည်ထက် ခရီးသည်ကို စောင့်နေခြင်းတို့ကို ဘတစ်ကားစီးနှင်သူ ခရီးသည်များအနေဖြင့် ယနေ့အထိတိုင် ကြုံတွေ့နေရဆဲဖြစ်သည်။

“ကားတစ်စီးနဲ့ တစ်စီး အရမ်းကြာပါတယ်။ လာရင်လည်း ပြုံပြီး ရောက်ချလာတယ်။ တချို့ကားတွေဆို ၁၅ မိနစ်အထက်ကို ကြတာ။ အချိန်မှန် လမ်းကြောင်းမှန် စေလွှတ်ပေးစေလိုပါတယ်။ နောက်ပြီး အဲကွန်းစနစ်က ကားတိုင်း မရှိသလောက်ဖြစ်နေပြီ။ အဲဒါကိုလည်း ကားတိုင်း ရနိုင်အောင် လုပ်ပေးစေလိုပါတယ်”ဟု YBS စီးနင်းသည့် ခရီးသည်တစ်ဦးက ပြောသည်။

ပြောင်းလဲလာသည့် ဘတ်စ်ကားစနစ်အပေါ်တွင်လည်း စီးနင်းသူခရီးသည်တစ်ဦးက “အရင် မထသနဲ့ နှိုင်းယှဉ်ရင် စပယ်ယာနဲ့ စကား ပြောရတဲ့ ကိစ္စ နည်းသွားတယ်။ YPS ကတ်စနစ်ရှိလာတော့ အကြွေကိစ္စအတွက် ခေါင်းခြောက်ခံစရာမလိုတော့ဘူး”ဟု လက်ရှိအခြေအနေကို ပြောပြသည်။

YBS စနစ် စတင်သည့် ၇ နှစ်တာ ကာလအတွင်း ယာဉ်လိုင်းကုမ္ပဏီအများစုကို အများပိုင်အဖြစ် ပြောင်းလဲရန်ကလည်း စိန်ခေါ်မှုအဖြစ် ရှိနေဆဲဖြစ်သည်။

“ဒီကာလ အပြောင်းအလဲကတော့ ရှိပါတယ်။ အခုလည်း ပြောင်းလဲနေပါတယ်။ မူဝါဒပိုင်းဆိုင်ရာပေါ့။ လိုအပ်ချက်ကတော့ ဘတ်စ်ကားကုမ္ပဏီအများစုက အစုရှယ်ယာစနစ်နဲ့ မသွားနိုင်သေးဘူး။ ဘတ်စ်ကားကုမ္ပဏီ ၂၁ ခုရှိတယ်။ ၅ ခုလောက်ပဲ အစုရှယ်ယာစနစ်နဲ့သွားနေတယ်။ ကုမ္ပဏီအားလုံးသွားဖို့လိုနေတယ်”ဟု Power Eleven Co.,Ltd. မှ တာဝန်ရှိသူတစ်ဦးက ‌ပြောသည်။

ယခုနောက်ပိုင်းတွင် YBS ယာဉ်လိုင်းများသည် စည်းကမ်းမဲ့မောင်းနှင်ခြင်းမှာ ပိုမိုဆိုးရွားလာသလို YBS ယာဉ် မတော်တဆမှုကြောင့်ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် သေဆုံးသူ (၂၈) ဦး အထိရှိခဲ့သည်။

(၇) နှစ်တာကာလအတွင်း ယာဉ်စီးခပေးချေသည့်စနစ်ကို YPS ကတ်စနစ်ဖြင့် ပေးချေခြင်း မှ QR Code စနစ်ကိုဖုန်းဖြင့်ပေးချေသည့်စနစ်ကိုပါ ပြောင်းလဲနိုင်ခဲ့သည်။

YBS စနစ် (၇) နှစ်တာ ကာလအတွင်း ထူးခြားသည့်ပြောင်းလဲမှု တစ်ခုအနေဖြင့် ယာဉ်စီးခစနစ်တစ်ခုသာ ပြောင်းလဲနိုင်ခြင်းဖြစ်သည်။

ယင်းကြောင့် YRTC အနေဖြင့်ယခုထက် တိုးတက်​ကောင်းမွန်လာ​ရေးအတွက်အားလုံးက ဝိုင်းဝန်းအကြံပြုအ​ဖြေရှာရပေလိမ့်မည်။

YBS ကြောင့် ဖြစ်ပေါ်လာသော အနိဌာရုံများ၊မလိုလားအပ်ပဲ ပြည်သူတို့၏ အသက်များ မဆုံးရှုံး​စေရန်၊ပြည်သူ့ဝန်​ဆောင်မူ​ကောင်းများလုပ်​ဆောင်နိုင်ရန် YBS ကို အုပ်ချုပ်သည့် YRTC အနေဖြင့် ပေးထားသော ကတိနှင့် ယာဉ်လိုင်းစည်းကမ်းများကို အတိအကျလိုက်နာ လုပ်ဆောင်ရန်လိုအပ်​နေဆဲဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here