အီရတ်ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးအနီးတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး၊ မိမိတို့ တိုက်ခိုက်ခြင်းဖြစ်ကြောင်း အီရန် အတည်ပြု

0
177

အီရတ်နိုင်ငံ၊ Erbil မြို့ ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးအနီးတွင် ပေါက်ကွဲမှုအများအပြား ဖြစ်ပွားခဲ့ကြောင်း အီရတ်လုံခြုံရေးသတင်းရင်းမြစ်က ပြောကြားခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုများမှာ အီရတ်ရှိ အစ္စရေး”သူလျှိုဌာနချုပ်” နှင့် ဒေသတွင်းနေရာအချို့အပြင် အီရန်ကိုဆန့်ကျင်သည့်စခန်းများကို ပစ်မှတ်ထားပြီး အီရန်တော်လှန်ရေးအစောင့်တပ်က ဒုံးကျည်များဖြင့် တိုက်ခိုက်မှုများဖြစ်ကြောင်း အီရန်တာဝန်ရှိသူများ ချက်ချင်းပင် အတည်ပြုပြောကြားခဲ့သည်။

တိုက်ခိုက်မှုအတွင်း လူလေးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့ကြောင်း ကာဒစ်စတန်ဒေသ လုံခြုံရေးကောင်စီက ပြောကြားခဲ့သည်။

Erbil မြို့အား တိုက်ခိုက်မှုတွင် မဟာမိတ်တပ်ဖွဲ့များ သို့မဟုတ် အမေရိကန်တပ်ဖွဲ့ဝင်များ သေဆုံးခြင်းမရှိခဲ့ကြောင်း အီရတ်လုံခြုံရေးသတင်းရင်းမြစ်က ပြောသည်။

“အမေရိကန် အဆောက်အဦတွေ ထိခိုက်မှုမရှိပါဘူး။ အခုလောလောဆယ်မှာ အခြေခံအဆောက်အအုံတွေ ပျက်စီးမှု ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရမှုတွေကို အတိအကျတော့ မသိရသေးပါဘူး” ဟုလည်း အမေရိကန် တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

အီရတ်နိုင်ငံ၊ Erbil မြို့အား အီရန်တော်လှန်ရေး အစောင့်တပ်၏ တိုက်ခိုက်မှုအား ရှုတ်ချကြောင်း အီရတ်နိုင်ငံ ကာဒစ်စတန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ၀န်ကြီးချုပ် Masrour Barzani က X တွင် ဖော်ပြခဲ့သည်။

“ကာဒစ်စတန်ဒေသက ပြည်သူတွေကို ခုလို သူရဲဘောကြောင်စွာ တိုက်ခိုက်မှုကို အပြင်းထန်ဆုံး ရှုတ်ချပါတယ်။ အီရတ်နဲ့ ကာဒစ်ဒေသရဲ့ အချုပ်အခြာအာဏာကို ထင်ရှားစွာ ချိုးဖောက်တဲ့အပေါ် အီရတ်အစိုးရက စနစ်တကျ ရပ်တည်ကိုင်တွယ်ပေးဖို့ တိုက်တွန်းပါတယ်” ဟု Barzani က X တွင် ပြောကြားခဲ့သည်။

“အီရန်သည် အီရတ်နယ်မြေတွင်းသို့ လုံခြုံရေး ချိုးဖောက်တိုက်ခိုက်မှုနှင့် နှစ်နိုင်ငံကြား လုံခြုံရေး သဘောတူညီချက်ကို အီရန်က မလိုက်နာခြင်း” နှင့် ပတ်သက်၍ ယနေ့ အင်္ဂါနေ့တွင် လုံခြုံရေးအစည်းအဝေးတစ်ရပ် ကျင်းပမည်ဖြစ်ကြောင်း ဒေသစံတော်ချိန် အင်္ဂါနေ့အစောပိုင်းတွင် အီရတ်အစိုးရက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here