ဒဂုံစတားယူနိုက်တက်မှ ဝေလင်းအောင်ကို တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူလိုက်သည့် ရန်ကုန်ယူနိုက်တက်

0
141

ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့်ဘောလုံးရာသီအတွက် ဒုတိယမြောက်အားဖြည့်မှုအဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်း ကွင်းလယ်ခံစစ်ကစားသမား ဝေလင်းအောင်ကို ခေါ်ယူလိုက်ကြောင်း သိရသည်။

တစ်ရာသီစာချုပ်ဖြင့်ချုပ်ဆိုခေါ်ယူလိုက်ခြင်းဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက်ဘက်မှ ယနေ့ ဇန်နဝါရီ (၁၆) ရက်တွင် တရားဝင် သတင်းထုတ်ပြန်ထားသည်။

“ရန်ကုန်ယူနိုက်တက်အသင်းလို အသင်းကြီးမျိုးကို ရောက်လာရတဲ့အတွက် ပျော်ပါတယ်။ အရင်ကတည်းကလည်း ရန်ကုန်အသင်းမှာ ကစားချင်ခဲ့တာပါ။ အသင်းနဲ့အတူလည်း အောင်မြင်မှုတွေယူချင်ပါတယ်” ဟု ဝေလင်းအောင်ကပြောသည်။

လူငယ်ကစားသမားတစ်ဦးဖြစ်သည့် ဝေလင်းအောင်သည် အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး)တွင် ဘောလုံးပညာကို လေ့လာခဲ့ပြီး ၂၀၁၃ ခုနှစ်မှ စတင်ကာ အား/ကာသိပ္ပံအသင်းနှင့်အတူ မြန်မာနေရှင်နယ်လိဂ် ယူ-၁၈ တွင်စတင်ကစားခဲ့သူဖြစ်သည်။

ထိုအသင်းနှင့်အတူ ယူ-၂၀၊ ယူ-၂၁ စသည့် လူငယ်အသင်းတွင် ကစားခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် မြန်မာနေရှင်နယ်လိဂ်-၂ သို့ တက်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှစတင်ကာ အား/ကာသိပ္ပံ အသင်းနှင့်အတူ မြန်မာနေရှင်နယ်လိဂ် သို့ ဝင်ရောက်ယှဉ်ပြိုင်ကစားခွင့်ရခဲ့လည်း ဖြစ်သည်။

ခြေစွမ်းကောင်းပြသနေသည့် ဝေလင်းအောင်သည် ၂၀၂၂ ခုနှစ်တွင် ဒဂုံစတားယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး နှစ်နှစ်ဆက်ကစားပြီးနောက် ရန်ကုန်ယူနိုက်တက်အသင်းကို ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်း၊ ကသာမြို့ဇာတိဖြစ်သည့် ဝေလင်းအောင်သည် ၂၀၂၂ ခုနှစ်က ဗီယက်နမ်နိုင်ငံတွင်ကျင်းပခဲ့သည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်လည်း ရွေးချယ်ခြင်းခံခဲ့ရသူတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

Photo – Yangon United


LEAVE A REPLY

Please enter your comment!
Please enter your name here