LMC အထူးရန်ပုံငွေဖြင့် ဆိုလာဓာတ်အားပေးစနစ်နှင့် အအေးခန်းသိုလှောင်ရုံစီမံကိန်း ၂၀၂၅ တွင် အပြီးဆောင်ရွက်မည်

0
738

တနင်္သာရီတိုင်းဒေသကြီးအတွင်း မဲခေါင်-လန်ချန်း ပူးပေါင်ဆောင်ရွက်မှု၏ အထူးရန်ပုံငွေဖြင့် ဆိုလာဓာတ်အားပေးစနစ်နှင့် အအေးခန်းသိုလှောင်ရုံစနစ် စီမံကိန်းကို လာမည့် ၂၀၂၅ ခုနှစ် သြဂုတ်လတွင် အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

“ဒီနှစ်ထဲမှာ အထူးရန်ပုံငွေ ၂၀၂၃ နဲ့ ဆောင်ရွက်မယ့် စီမံကိန်းတစ်ခု ရှိပါတယ်။ အအေးခန်းသိုလှောင်ရုံစီမံကိန်းဆိုတာက Minigrid စီမံကိန်းနဲ့ တွဲပြီးတော့ ရေထွက်ကုန်ပစ္စည်းတွေအတွက် ယာယီသိုလှောင်ဖို့အတွက် အအေးခန်းစနစ်တွဲစပ်ပြီး ပါဝင်တာ ဖြစ်ပါတယ်။ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်က ကြိမ်မဲတောင် ကျေးရွာမှာ ဆောင်ရွက်မှာဖြစ်ပါတယ်” ဟု ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်မီးလင်းရေးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမျိုးကပြောသည်။

တင်ဒါအောင်မြင်သည့် ကုမ္ပဏီကို ဝန်ကြီးဌာန၏ တင်ဒါကော်မတီထံ တင်ပြခွင့်ပြုချက်ရယူပြီးဖြစ်ကာ တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စီမံကိန်းအတွက် စာချုပ်ချုပ်ဆိုပြီးသည်နှင့်တပြိုင်နက် စီမံကိန်းစတင်ဆောင်ရွက်မည်ဖြစ်ပြီး လာမည့် ၂၀ ၂၅ ခုနှစ် သြဂုတ်လတွင် အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အသေးစား ဓာတ်အားပေးစနစ်နှင့် ရေထွက်ကုန်ပစ္စည်းများအတွက် အအေးခန်းသိုလှောင်ရုံစနစ် နှစ်မျိုးပေါင်းအတွက်ကို အမေရိကန်ဒေါ်လာ ရှစ်သိန်း နှစ်သောင်းကျော်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ဒေသခံပြည်သူများအတွက် လျှပ်စစ်မီးသုံးစွဲရန် လျှပ်စစ်မီးကို Quality ပြည့်သည့် လျှပ်စစ်မီးသုံးစွဲခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

ရေထွက်ကုန်ပစ္စည်းများအတွက် ယာယီသိုလှောင်ရန် အအေးခန်းစနစ်ကိုပါ ထည့်သွင်းဆောင်ရွက်မည်ဖြစ်သည့်အတွက် ကုန်ပစ္စည်းများအား မြို့ပေါ်သို့ အချိန်မီ မပို့နိုင်၍ ပျက်စီးသွားနိုင်သည့်အရေးမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here