ပါကစ္စတန်ရှိ စစ်သွေးကြွစခန်းများဆိုသည်ကို အီရန်က တိုက်ခိုက်ခြင်းသည်ကြိုတင်အသိပေးချက်မရှိသော ပိုင်နက်ချိုးဖောက်မှုဟု ပါကစ္စတန် ပြောကြား

0
171

အီရန်ဟာ စစ်သွေးကြွအုပ်စု Jaishal-Adl ရဲ့ အခြေစိုက်စခန်းတွေကို ပစ်မှတ်ထားခြင်းဆိုကာ ပါကစ္စတန်နိုင်ငံအတွင်း တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပြီး နဂိုကတည်းက အစ္စရေး-ဟားမတ်စ် စစ်ပွဲကြောင့် ကသောင်းကနင်းဖြစ်နေခဲ့တဲ့ အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေ ထပ်မြင့်တက်လာဖွယ်ရှိနေပါတယ်။

ကြိုအသိပေးချက်မရှိသော လေကြောင်းပိုင်နက်ချိုးဖောက်မှုတစ်ခုဖြစ်တယ်လို့ ပါကစ္စတန်က သတ်မှတ်ဖော်ပြလိုက်ပြီး ယင်းတိုက်ခိုက်မှုမှာ ကလေးနှစ်ဦးသေဆုံးကာ အခြားသုံးဦး ဒဏ်ရာရခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

နျူလက်နက်ပိုင် ပါကစ္စတန်နိုင်ငံအတွင်း အီရန်က တိုက်ခိုက်လိုက်ခြင်းဟာ သံတမန်ဆက်ဆံရေး ဆက်ထိန်းထားသော်ငြား တစ်ဖက်နဲ့ တစ်ဖက် သံသယအကြည့်တွေ ကာလကြာရှည် ထားရှိနေကြတဲ့ ၂ နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ခြိမ်းခြောက်မှုဖြစ်ပါတယ်။

ယခုလအတွင်း ဆွန်နီစစ်သွေးကြွအုပ်စု အိုင်အက်စ်ရဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှု နှစ်ခုကြောင့် လူ ၉၀ ဦး ကျော် သေဆုံးခဲ့ရမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချထားတဲ့ အီရန်ဟာ ယခုတိုက်ခိုက်မှုမတိုင်မီ တစ်ရက်က အီရတ်နဲ့ ဆီးရီးယားပိုင်နက်တွေမှာလည်း တိုက်ခိုက်မှုတွေ လုပ်ထားခဲ့တာဖြစ်ပါတယ်။

ပါကစ္စတန်နိုင်ငံအတွင်း တိုက်ခိုက်မှုမှာ ဒုံးကျည်တွေ၊ ဒရုန်းတွေ အသုံးပြုခဲ့တယ်လို့ အီရန်နိုင်ငံပိုင် IRNA သတင်း နဲ့ ရုပ်သံဌာနက ထုတ်ပြန်ပြီး အီရန်နိုင်ငံပိုင် ရုပ်သံဌာနရဲ့ အင်္ဂလိပ်ပိုင်းလက်ခွဲဖြစ်တဲ့ Press TV ကတော့ ဒီတိုက်ခိုက်မှုကို အီရန်ရဲ့ အရံတော်လှန်ရေးအစောင့်တပ်က လုပ်ဆောင်ခဲ့တာလို့ ဆိုခဲ့ပါတယ်။

Jaishal-Adl သို့မဟုတ် “တရားမျှတခြင်း တပ်မတော်” အမည်ရအဖွဲ့ဟာ ၂၀၁၂ ခုနှစ်က ဖွဲ့စည်းလိုက်တဲ့ ဆွန်နီစစ်သွေးကြွအုပ်စုတစ်ခုဖြစ်ပြီး ပါကစ္စတန် နယ်စပ်ကိုဖြတ်ကျော်ကာ တိုက်ခိုက်မှုအတော်များများ လုပ်ဆောင်ခဲ့ပါတယ်။ ယခင်က ဗုံးဖောက်ခွဲမှုတွေနဲ့ အီရန်နယ်ခြားစောင့်ရဲတွေကို ပြန်ပေးဆွဲခဲ့မှုတွေဟာ ၎င်းတို့လက်ချက်ဖြစ်တယ်လို့ ယင်း စစ်သွေးကြွတွေက ပြောဆိုခဲ့ပါတယ်။

Ref:ABC News


LEAVE A REPLY

Please enter your comment!
Please enter your name here