အကျဉ်းစံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို “အကျဉ်းသား” လို့ သုံးနှုန်းခေါ်ဆိုခြင်း မပြုစေတာဟာ စံလုပ်ထုံးလုပ်နည်းအရဖြစ်ဟု ထိုင်းတာဝန်ရှိသူများ တုန့်ပြန်

0
117

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ ရာထူးတာဝန်ထမ်းဆောင်စဉ်က လွဲမှားတဲ့လုပ်ရပ်တွေကြောင့် ပြစ်ဒဏ်ချခံရကာ အကျဉ်းစံနေရသူဖြစ်သော်လည်း သူ့ကို အကျဉ်းသားတစ်ဦးအဖြစ် သုံးနှုံးခေါ်ဆိုခြင်း မပြုသင့်ဘူးလို့ နိုင်ငံရဲ့ အကျဉ်းဦးစီးဋ္ဌာနက အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။

အဆိုပါ အသုံးအနှုံးမပါဘဲ လူသိရှင်ကြား ထုတ်ပြန်ပြောဆိုတာတွေလုပ်ချိန်မှာ အငြင်းပွားဖွယ် ခေါင်းဆောင်ဟောင်းအပေါ် ပ,စားပေးဆက်ဆံတာမျိုး မဟုတ်ဘူးဆိုတာကို ရှင်းပြဖို့ လိုအပ်တယ်လို့ အကျဉ်းဦးစီးဋ္ဌာနက ယူဆခဲ့ကြောင်း ဆိုပါတယ်။

စံလုပ်ထုံးလုပ်နည်းအရ သူတို့တွေအပေါ် အမည်နာမဆိုင်ရာ ချိုးနှိမ်မှုမျိုးမဖြစ်ရအောင် ၎င်းတို့ရဲ့ လူသိရှင်ကြား ထုတ်ပြန်ချက်တွေမှာ အကျဉ်းစံတွေကို “အကျဉ်းသားတွေ” လို့ ခေါ်ဆိုခြင်း မပြုကြောင်းနဲ့ ဒီအသုံးအနှုံးကို ၎င်းတို့ တာဝန်ရှိသူတွေ အတွင်းပိုင်းမှာပဲ အသုံးပြုကြောင်း ဋ္ဌာနက ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က အာဏာပြန်ရလာခဲ့တဲ့ နိုင်ငံရေးပါတီရဲ့ တရားမဝင်နာယကလည်းဖြစ်၊လူကြိုက်များ ဘီလျံနာတစ်ဦးလည်းဖြစ်တဲ့ သက်ဆင်ဟာ အကျဉ်းထောင်ဆေးရုံမှာ မဟုတ်ဘဲ နိုင်ငံပိုင်ဆေးရုံတစ်ခုရဲ့ သီးသန့်ခန်းမှာ သူ့ရဲ့ ပြစ်ဒဏ်ကိုကျခံရင်း ဆေးကုသမှု အထူးခံစားခွင့်ရရှိနေတဲ့အပေါ် ဝေဖန်လာသူတွေကို အခုလို တုန့်ပြန်ဖြေရှင်းလာခြင်း ဖြစ်ပါတယ်။

အကျင့်ပျက် ခြစားမှု၊ အာဏာအလွဲသုံးစားလုပ်မှု၊ ဘုရင်စနစ်အပေါ် မလေးမစားပြုမှု စွပ်စွဲချက်တွေနဲ့ ၂၀၀၆ ခုနှစ်မှာ သက်ဆင်(၇၄ နှစ်) ကို စစ်တပ်က ရာထူးဖြုတ်ချကာ အာဏာသိမ်းခဲ့ပါတယ်။

အကျင့်ပျက် စွဲချက်တွေနဲ့ တရားစီရင်ခြင်း မပြုမီ ၂၀၀၈ ခုနှစ်မှာ သက်ဆင် ပြည်ပကို တိမ်းရှောင်သွားခဲ့ပြီးနိုင်ငံရေးဆိုင်ရာအကြောင်း အချက်တွေအရ သူ့ကို တရားစွဲခဲ့ခြင်းသာဖြစ်တယ်လို့ သူက ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ ထိုင်းနိုင်ငံကိုသူ ပြန်လာခဲ့ရာ ဘန်ကောက်လေဆိပ်မှာ ထောက်ခံသူတွေက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီးနောက်မှာပဲ သူ့ကို အကျဉ်းထောင်သို့ ချက်ချင်းပို့ဆောင်ခဲ့ကာ စီရင်ချက်များစွာအတွက် ထောင်ဒဏ် ၈ နှစ်ကို ကျခံစေခဲ့ပါတယ်။

Ref: ABC News


LEAVE A REPLY

Please enter your comment!
Please enter your name here