အလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်ခြင်းပပျောက်ဖို့ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ သဘောတူညီချက်များကို မလေးရှား အစိုးရ ပြန်လည် သုံးသပ်မည်

0
116

ရွှေ့ပြောင်းအလုပ်သမား ထောင်ပေါင်းများစွာ အလုပ်အကိုင်မရဘဲ သောင်တင်နေခဲ့တာတွေဖြစ်စေတဲ့ ခေါင်းပုံဖြတ်မှု အလေ့အထတွေ၊ လုပ်သားအင်အား မညီမျှမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် အလုပ်သမားအရင်းအမြစ်တွေ စေလွှတ်ပေးထားရာ နိုင်ငံပေါင်း ၁၅ နိုင်ငံနဲ့ နှစ်ဖက် သဘောတူညီချက်တွေကို မလေးရှားအစိုးရက ပြန်လည်သုံးသပ်သွားမှာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်မှစကာ ဘင်္ဂလားဒေ့ရှ်နဲ့ နီပေါနိုင်ငံမှ အများစုပါဝင်တဲ့ရွှေ့ပြောင်းလုပ်သားထောင်ပေါင်း များစွာဟာ မလေးရှားကို ရောက်ရှိခဲ့အပြီးမှာ အလုပ်လက်မဲ့ဘဝရောက်ခဲ့ကြရတယ်လို့ ဆိုပါတယ်။ တင်းကြပ်တဲ့ အလုပ်အကိုင်ရှာဖွေပေးမှု စရိတ်စကတွေပေးအပ်ခဲ့ရပေမယ့် ၎င်းတို့ကို ကတိပေးထားတဲ့ အလုပ်အကိုင်တွေ မရရှိခဲ့ကြဘူးလို့ သူတို့က ပြောဆိုခဲ့ပါတယ်။

မကြာခင်နှစ်တွေအတွင်းမှာ အဓမ္မလုပ်အားခိုင်းစေမှုဖြစ်စဉ်တွေကြောင့် ကုမ္ပဏီ အများအပြားဟာ အမေရိကန်အစိုးရရဲ့ တားမြစ်ပိတ်ပင်ချက်တွေ ရင်ဆိုင်လာရမှုနဲ့အတူ မလေးရှားနိုင်ငံရှိ လုပ်ငန်းခွင် အလွဲသုံးစားမှုတွေအပေါ် စိုးရိမ်ပူပန်မှုတွေနဲ့ ရွှေ့ပြောင်းလုပ်သားဆိုင်ရာ ဒုက္ခကြုံရမှုတွေ တိုက်ဆိုင်ပေါ်ထွက်လာခဲ့ပါတယ်။ လုပ်ခလစာ ပေးချေခြင်း မရှိသေးကြောင်း အလုပ်သမားများစွာက ပြောဆိုကြပါတယ်။

စီးပွားရေးကဏ္ဍတွေမှာ အလုပ်သမားခွဲဝေချထားမှုများဟာ မညီမမျှဖြစ်နေတဲ့အတွက် နှစ်ဖက်သဘောတူညီချက်တွေကို ပြန်သုံးသပ်ဖို့ လိုအပ်လာခဲ့ကြောင်း အလုပ်သမားနဲ့ ပြည်ထဲရေး ဝန်ကြီးတွေက အင်္ဂါနေ့အနှောင်းပိုင်းမှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

မလေးရှားရဲ့ အခြားလုပ်ငန်းကဏ္ဍတွေမှာ အလုပ်သမားခွဲတမ်း ကျော်လွန်နေစဉ် စိုက်ပျိုးရေးနဲ့ စိုက်ခင်းကဏ္ဍမှာတော့ အလုပ်သမား လိုအပ်ချက်ရှိနေဆဲဖြစ်တယ်လို့ ဝန်ကြီးတွေက ပြောဆိုပါတယ်။ လုပ်အားခ၊ ကုန်ကျစရိတ်၊ စာချုပ်ပါ အခြေအနေ၊ ကျန်းမာရေးတို့ အပါအဝင် အမျိုးမျိုးသော အချက်တွေအပေါ် သဘောတူညီထားချက်တွေကို ၎င်းတို့ ပြန်စီစစ်ကြည့်ရှု့သွားမှာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး ဆိုင်ဖူဒင် နာဆူတီယွန် အစ္စမေးလ်က ပြောဆိုပါတယ်။ ဒါ့ပြင် အစိုးရအနေနဲ့ လုပ်ငန်းကဏ္ဍအသီးသီးရှိ အလုပ်သမားခွဲတမ်းတွေ လွှဲပြောင်းခြင်းကို ခွင့်ပြုပေးသွားမယ်လို့လည်း ၎င်းက ပြောဆိုခဲ့ပါတယ်။

မလေးရှားနိုင်ငံရဲ့ ရွှေ့ပြောင်းလုပ်သားကဏ္ဍမှာ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်နဲ့ နီပေါနိုင်ငံများမှ အလုပ်သမားတွေက ၇၀ ရာခိုင်နှုန်းကျော် ပါဝင်နေပြီး ကျန်ရှိအရေအတွက်က အိန္ဒိယ၊ ဗီယက်နမ်၊ ပါကစ္စတန်နဲ့ ထိုင်းနိုင်ငံ အပါအဝင် အခြားနိုင်ငံများမှ လာရောက်ကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

အလုပ်အကိုင်ပေးအပ်နိုင်ခြင်းမရှိဘဲ အလုပ်သမားရာချီ ဌားရမ်းခဲ့မှုမှာ ပါဝင်တဲ့ ကုမ္ပဏီ ၅ ခုကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှု ပြီး​ကြောင်းလူ့စွမ်းအားရင်းအမြစ်ဝန်ကြီး စတီဗင်ဆင်းမ်က ပြောဆိုခဲ့ပါတယ်။

ယင်းကဲ့သို့ အလုပ်သမားများကို ငှားရမ်းထားတဲ့ အလုပ်ရှင်တွေအနေနဲ့ အလုပ်အကိုင်မပေးအပ်နိုင်ခဲ့ပါကလည်း လုပ်ခလစာ ပေးချေရမှာဖြစ်ပြီး ဥပဒေချိုးဖောက်တဲ့ ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေအနေနဲ့ ရွှေ့ပြောင်းလုပ်သားများ ငှားရမ်းခန့်ထားခြင်းမှ တားမြစ်ပိတ်ပင်သွားမှာဖြစ်တယ်လို့ သူက ဆက်လက်ပြောဆိုခဲ့ပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here