အင်အားသုံးမည်ဟူသည့်ခြိမ်းခြောက်စကားသည် ထိုင်ဝမ်လူမျိုးအများစုကိုရည်ရွယ်ခြင်းမဟုတ်ဟုတရုတ်ဆို

0
194

ပေကျင်း၊ဇန်နဝါရီ ၁၇

တရုတ်အနေဖြင့် ထိုင်ဝမ်အား လိုအပ်ပါကအင်အားသုံးသိမ်းယူမည်ဟူသောခြိမ်းခြောက်စကားသည် ပြည်ပနိုင်ငံများ၏ ဝင်ရောက်စွက်ဖက်မှုများနှင့် အနည်းငယ်သော ထိုင်ဝမ်ခွဲထွက်ရေးသမားများ ကိုသာရည်ရွယ်ခြင်းဖြစ်ကြောင်းဆိုကာ ထိုင်ဝမ်ပြည်သူများအနေဖြင့် တရုတ်အပေါ်အမြင်မစောင်း၊ဘက်မလိုက်ပဲရှုမြင်ပေးရန်လိုအပ်သည်ဟုဆိုခဲ့သည်။

စနေနေ့ကကျင်းပခဲ့သော ရွေးကောက်ပွဲ၌ အနိုင်ရခဲ့သော DPP ပါတီသည် တရုတ်၏ထိုင်ဝမ်အား ပိုင်နက်အဖြစ်သတ်မှတ်ထားမှုကို အပြင်းအထန်ကန့်ကွက်ခဲ့သော်လည်း ညှိနှိုင်းဆွေးနွေးရန်ကိုမူ အကြိမ်ကြိမ်ကမ်းလှမ်းထားသည့်ပါတီလည်းဖြစ်သည်။သို့သော် ယင်းကမ်းလှမ်းမှုမှန်သမျှအား တရုတ်ဘက်မှ ငြင်းပယ်ခဲ့သည်ချည်းသာဖြစ်သည်။

တရုတ်၏အမြင်၌ ရွေးကောက်ခံသမ္မတသစ် လိုင်ချင်တီသည် အန္တရာယ်ရှိသည့် ခွဲထွက်ရေးလိုလားသူတစ်ဦးသာဖြစ်သည်။တရုတ် – ထိုင်ဝမ်ရေးရာရုံးမှပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ တရုတ်ပြည်မနှင့်ထိုင်ဝမ်တို့ တစ်နေ့နေ့တွင်ပြန်လည်ပေါင်းစည်းရမည်ဟူသောအချက်မှာ ပြောင်းလဲမရသည့်အမှန်တရားတစ်ခုသာဖြစ်သည်ဟုပြောကြားခဲ့သည်။

လွန်ခဲ့သည့် တစ်နှစ်ခွဲအတွင်း၌လည်း တရုတ်သည် ထိုင်ဝမ်တစ်ဝိုက်၌ အကြီးစားစစ်ကစားပွဲများအား နှစ်ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့ပြီး ထိုင်ဝမ်ရေလက်ကြားသို့ တိုက်လေယာဉ်များနှင့် စစ်သင်္ဘောများကိုပါပုံမှန်စေလွှတ်ခဲ့သည်။

ထိုင်ဝမ်ပြည်သူများ၏ အဓိကဆန္ဒသည် ငြိမ်းချမ်းရေးသာဖြစ်ပြီး DPP အနေဖြင့်ဆက်လက်၍ ခေါင်းမာပြီးလွတ်လပ်ရေးရရန်ကြိုးပမ်းနေမည်ဆိုပါက ထိုင်ဝမ်အတွက် မလိုလားအပ်သည့်အန္တရာယ်အခြေအနေသို့ကျရောက်နိုင်သည်ဟုလည်းဆိုခဲ့သည်။

တရုတ်ကမူ ထိုင်ဝမ်ရေလက်ကြားနှစ်ဖက်လုံးသည် တရုတ်တစ်ပြည်တည်းသာဖြစ်ကြောင်း ထိုင်ဝမ်ဘက်မှလက်ခံမှသာလျှင် ခြွင်းချက်အနေဖြင့် နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုရှိလာနိုင်သည်ဟုဆိုသော်လည်း ထိုင်ဝမ်အာဏာရပါတီ DPP ကမူ ယင်းအချက်အားငြင်းဆိုထားဆဲလည်းဖြစ်သည်။

Source : ရိုက်တာ/အက်ဖ်အိတ်ခ်ျ


LEAVE A REPLY

Please enter your comment!
Please enter your name here