သစ်သားစက်ဘီးကို လူစိတ်ဝင်စားမှု မြင့်တက်၊ ဒီဇိုင်းသစ်ထုတ်မည်

0
180

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် အမျိုးသားတစ်ဦးက သစ်သားဖြင့် စက်ဘီးဖန်တီးခဲ့မှုမှာ အင်တာနက်သုံးသူများကြားတွင် စိတ်ဝင်စားမှုမြင့်တက်နေပြီး အလားတူ စက်ဘီးမျိုးကို ထပ်မံဆန်းသစ်ကာထုတ်လုပ်သွားမည်ဖြစ်ကြောင်း သစ်သားစက်ဘီးဖန်တီးသူ ကိုဇော်မင်းထွန်းက ပြောသည်။

လက်ရှိတွင်လည်း အဆိုပါသစ်သားစက်ဘီးကို စိတ်ဝင်စားမှုရှိနေပြီး ဈေးလာရောက်စုံစမ်းမှုများလည်းရှိနေကာ လတ်တလော၌ ဈေးနှုန်းသတ်မှတ်ထားခြင်းမရှိသေးကြောင်း သိရသည်။

ဝယ်ယူလိုသူများရှိလာပါက ဝယ်သူ၏လိုချင်သည့် ပစ္စည်းအနေအထားနှင့် ကုန်ကျစရိတ် အပေါ်မူတည်ပြီး ဈေးနှုန်းသတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဈေးတွေ၊ ဘာတွေ လာရောက်စုံစမ်းကြတာရှိပါတယ်။ အမှာရှိရင်တော့ ရောင်းချဖို့အတွက် တီထွင်သွားဖို့ရှိပါတယ်။ ကိုယ်တီထွင်တဲ့ဟာလေးကို ကြိုက်တယ်ဆိုတော့ ဝမ်းသာစရာပဲပေါ့။ အခု ပထမဆုံးတီထွင်လိုက်တဲ့ စက်ဘီးကအိမ်မှာရှိတဲ့သစ်သားနဲ့ လုပ်လိုက်တာဆိုတော့ ကုန်ကျစရိတ်ကိုတော့ တွက်ချက်ထားတာမျိုး မရှိပါဘူး။ လိုအပ်တာလေးတွေ ထပ်ဝယ်ရတာမျိုးပဲရှိတယ်။ ဝယ်သူရှိလာရင်တော့ ဝယ်သူလိုချင်တဲ့ပုံစံ၊ ကုန်ကျစရိတ်အပေါ်မူတည်ပြီး ဈေးနှုန်းသတ်မှတ်ရမှာပေါ့” ဟု ကိုဇော်မင်းထွန်းက ပြောသည်။

ယခုတီထွင်ထားသည့် သစ်သားစက်ဘီးမှာ ပုံမှန်နှုန်းနင်းရုံဖြင့် ပေါ့ပေါ့ပါးပါးစီးနိုင်ရန် တီထွင်ဖန်တီးထားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် လာမည့်ရက်ပိုင်းအတွင်း ယခုတီထွင်ထားသည့် သစ်သားစက်ဘီး ပုံစံကိုပင် ဒီဇိုင်းသစ်တစ်မျိုးဖြင့် ထပ်မံဖန်တီးရန်ရှိနေပြီး အဆိုပါ စက်ဘီးသစ်တွင် ဝင်ရိုး၌ သံထည်ပစ္စည်းသုံးမည်ဖြစ်ပြီး ပိုမိုအကြမ်းခံနိုင်မည်ဖြစ်ကြောင်းလည်း ကိုဇော်မင်းထွန်းက ရှင်းပြသည်။

“နောက်ထပ် (၂) ရက်၊ (၃) ရက်လောက်မှာ ဒီဇိုင်းတစ်မျိုးနဲ့ လုံးဝ ပရော်ဖက်ရှင်နယ်ဖြစ်အောင် လူတိုင်းစီးလို့ရနိုင်မယ့်၊ အကြမ်းလည်း ခံနိုင်မယ့် နောက်ထပ်စက်ဘီးကို တီထွင်သွားဖို့ရှိတယ်။ ဒီတစ်ပတ်အတွင်းမှာ နောက်ထပ်ဒီဇိုင်းတစ်မျိုးနဲ့ စက်ဘီးတွေနဲ့ ပြိုင်ပြီးစီးလို့ ရတဲ့ပုံမျိုး ထပ်လုပ်သွားဖို့ရှိတယ်။ အခုစက်ဘီးကျတော့ ဝင်ရိုးတွေမှာ သစ်သားပဲသုံးထားတာကျတော့ အချို့ကလေးတွေကျတော့ သံထည်ပစ္စည်းတွေသုံးတာတောင် ကျိုးကျတာဆိုတော့ ဝင်ရိုးမှာ သံဝင်ရိုးလေး ထည့်ပေးမှာပေါ့”ဟု ၎င်းက ပြောသည်။

၎င်းအနေဖြင့် (၁၂) နှစ်သားအရွယ်က ယခုကဲ့သို့ သစ်သားစက်ဘီးကို တီထွင်ခဲ့ဖူးသော်လည်း စီးနိုင်သည့်အဆင့်အထိ မရောက်ခဲ့ဘဲ အသက် (၄၀) ကျော်အရွယ်ရောက်မှ အလုပ်အကိုင်ရှားပါးမှုများကြောင့် အဆိုပါ သစ်သားစက်ဘီးကို ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ဖန်တီးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here