နိုင်ငံပိုင်နက်အတွင်း လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့ပြီးနောက် အီရန်ဆိုင်ရာ သံအမတ်ကို ပါကစ္စတန် ပြန်လည်ခေါ်ယူ

0
165

ဆွန်နီ စစ်သွေးကြွ ခွဲထွက်ရေးအုပ်စုရဲ့ အခြေစိုက်စခန်းတွေကို ပစ်မှတ်ထားခြင်းဆိုကာ ပါကစ္စတန်နယ်မြေအတွင်း အီရန်က လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့အပြီး နောက်တစ်နေ့ ဗုဒ္ဓဟူးနေ့မှာ တီဟီရန်ရှိ ၎င်းတို့ သံအမတ်ကို ပါကစ္စတန်က ပြန်ခေါ်လိုက်ပါတယ်။ ကလေးနှစ်ဦး သေဆုံးခဲ့ရတဲ့ ယင်းတိုက်ခိုက်မှုဟာ ၎င်းတို့ရဲ့ လေကြောင်းပိုင်နက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုဖြစ်တယ်လို့ အစ္စလာမ်မာဘတ်က ဒေါသတကြီး ရှုတ်ချခဲ့တာလည်းဖြစ်ပါတယ်။

ပါကစ္စတန် အနောက်တောင်ပိုင်း ဘလူချစ္စတန်ပြည်နယ်အတွင်း အင်္ဂါနေ့က တိုက်ခိုက်ခဲ့မှုဟာ အိမ်နီးချင်းနှစ်နိုင်ငံအကြား ဆက်ဆံရေးကို အနှောင့်အယှက်ဖြစ်စေခဲ့ပေမယ့် တစ်ဖက်ကို တစ်ဖက် ရန်စမှုမျိုးကို နှစ်ဖက်စလုံးက သတိထားနေခဲ့ပုံရပါတယ်။ စစ်သွေးကြွအဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အီရန်နဲ့ နျူလက်နက်ပိုင် ပါကစ္စတန်တို့ဟာ တစ်ဖက်ကို တစ်ဖက် သံသယမျက်လုံးနဲ့ ကာလကြာရှည် စောင့်ကြည့်ခဲ့ကြပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အီရန်နိုင်ငံဆိုင်ရာ သံအမတ်ကို အစ္စလာမ်မာဘတ်က ပြန်လည်ခေါ်ယူထားတယ်လို့ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေး ဆိုခွင့်ရှိသူ မွမ်တက် ဇာဟာရာ ဘာလော့ချ်က ပြောဆိုပါတယ်။

“ပြီးခဲ့တဲ့ညက အီရန်ရဲ့ ပါကစ္စတန်ပိုင်နက်ကို ကြိုတင်အသိပေးချက်မရှိဘဲ ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့မှုဟာ နိုင်ငံတကာ ဥပဒေတွေနဲ့ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်နဲ့ အခြေခံမူတွေကို ချိုးဖောက်ခြင်းဖြစ်ပါတယ်” လို့ ရုပ်သံမိန့်ခွန်းမှာ သူမက ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် တိုက်ခိုက်မှု ဖြစ်ပွားချိန်က တီဟီရန်ကို ရောက်ရှိနေခဲ့တဲ့ အီရန်သံအမတ်ကို နိုင်ငံသို့ ပြန်မလာဖို့ ပါကစ္စတန်က ပြောခဲ့တယ်လို့လည်း ဘာလော့ချ်က ဆက်လက်ပြောဆိုပါတယ်။ ပါကစ္စတန်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ အီရန်ဘက်ကတော့ လတ်တလောမှာ အသိအမှတ်ပြုတုန့်ပြန်ထားခြင်း မရှိသေးပါဘူး။

အဆိုပါတိုက်ခိုက်မှုပေါ်ပေါက်အပြီးမှာ ထိန်းထိန်းသိမ်းသိမ်းရှိကြဖို့ ပါကစ္စတန်နဲ့ အီရန်ကို တရုတ်က ဗုဒ္ဓဟူးနေ့မှာ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

စစ်သွေးကြွအုပ်စု Jaishal-Adl ပိုင်ဆိုင်တဲ့ အခြေစိုက်စခန်းတွေကို အရံတော်လှန်ရေးအစောင့်တပ်က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အီရန်နိုင်ငံပိုင် မီဒီယာက သတင်းထုတ်ပြန်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဘာရှင်းပြချက်မှမရှိဘဲ သတင်းကို ပြန်ဖြုတ်သွားခဲ့ပါတယ်။

သူတို့ တိုက်ခိုက်ရေးသမားတွေရဲ့ ဇနီးတွေနဲ့ သားသမီးတွေနေထိုင်ရာ အိမ်တွေကို ဗုံးတပ်ဆင်ထားတဲ့ ဒရုန်းတွေ၊ ဒုံးကျည် ခြောက်စင်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ စစ်သွေးကြွအဖွဲ့က ပြောဆိုပါတယ်။ တိုက်ခိုက်မှုအတွင်း ကလေး နှစ်ဦး သေဆုံးကာ အမျိုးသမီး နှစ်ဦးနဲ့ ဆယ်ကျော်သက် မိန်းကလေးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ Jaisjal-Adl က ပြောဆိုခဲ့ပါတယ်။

Source: France 24


LEAVE A REPLY

Please enter your comment!
Please enter your name here