ဇမ်ဘီယာမှာ ကာလဝမ်းရောဂါ ကူးစက်ဖြစ်ပွားနေတာကြောင့် သေဆုံးသူ ၄၀၀ ကျော်ခဲ့ပြီဖြစ်ကာ လူဦးရေ ၁၀၀၀၀ ခန့် ကူးစက်ခံထားရ

0
116

ဇမ်ဘီယာနိုင်ငံမှာ ပြင်းထန် ကာလဝမ်းရောဂါ ကူးစက်ဖြစ်ပွားမှုနဲ့ ရင်ဆိုင်နေရပြီး လက်ရှိအထိ သေဆုံးသူ ၄၀၀ ကျော်ပြီဖြစ်ကာ လူဦးရေ ၁၀၀၀၀ ခန့် ရောဂါကူးစက်ခံထားရတယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်ကြောင့် နှစ်ကုန် အားလပ်ရက်တွေအပြီးမှာ နိုင်ငံတစ်ဝန်းက စာသင်ကျောင်းတွေကို ဆက်ပိတ်ထားဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ခဲ့ရပါတယ်။

မြို့တော်ရှိ ကြီးမားတဲ့ ဘောလုံးကွင်းတစ်ခုကို ကုသရေးအဆောက်အအုံအဖြစ် ပြောင်းလဲအသုံးနေရတယ်လို့လည်း သိရပါတယ်။

တောင်အာဖရိကဒေသနိုင်ငံတစ်ခုဖြစ်တဲ့ ဇမ်ဘီယာအစိုးရဟာ လူအစုလိုက် ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ကို စတင်နေပြီး နိုင်ငံတစ်ဝန်းက ရောဂါကူးစက်မှုဖြစ်ပွားရာနေရာတွေရှိ လူမှုအသိုင်းအဝိုင်းတွေထံ တစ်နေ့ကို ရေသန့်လီတာ ၂.၄ သန်း ပေးဝေနေတယ်လို့ ဆိုခဲ့ပါတယ်။

ကာလဝမ်းရောဂါဟာ အများအားဖြင့် ညစ်ညမ်းတဲ့ အစားအစာ သို့မဟုတ် ရေကတဆင့် ကူးစက်တဲ့ ဘက်တီးရီးယားပိုးတစ်မျိုးကြောင့်ဖြစ်ကာ ပြင်းထန်ဝမ်းလျှောရောဂါပိုးဖြစ်ပါတယ်။ ဒီရောဂါဟာ ဆင်းရဲမွဲတေမှု၊ သန့်ရှင်းသောရေ လုံလောက်စွာ မရရှိမှုတို့နဲ့ ခိုင်ခိုင်မာမာ ဆက်စပ်မှုရှိပါတယ်။

ဇမ်ဘီယာနိုင်ငံမှာ အောက်တိုဘာလကစလို့ ဒီရောဂါကူးစက်ဖြစ်ပွားနေခဲ့တာဖြစ်ပြီး ဇမ်ဘီယာပြည်သူ့ကျန်းမာရေးဋ္ဌာနရဲ့ ဗုဒ္ဓဟူးနေ့ နောက်ဆုံးထုတ်ပြန်ချက်အရ ရောဂါကြောင့် သေဆုံးရသူ ၄၁၂ ဦးရှိကာ ကူးစက်ခံထားရသူ ၁၀၄၁၃ ဦး ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံရဲ့ ပြည်နယ် ၁၀ ခုအနက် ၉ ခုနဲ့ ခရိုင်ပေါင်း ထက်ဝက်နီးပါးခန့်မှာ ကာလဝမ်းရောဂါ ကူးစက်မှု စစ်ဆေးတွေ့ရှိထားတယ်လို့ ကျန်းမာရေးဝန်ကြီးဋ္ဌာနက ပြောဆိုပြီး လူဦးရေ သန်း ၂၀ ခန့်နေထိုင်ရာ နိုင်ငံမှာ တစ်နေ့ကို ရောဂါကူးစက်ဖြစ်ပွားမှု ၄၀၀ ကျော် တွေ့ရှိနေတယ်လို့ ဆိုခဲ့ပါတယ်။

Source: ABC News


LEAVE A REPLY

Please enter your comment!
Please enter your name here