မြန်မာ – အီဂျစ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရန် နစကဥက္ကဋ္ဌနှင့် အီဂျစ်သံအမတ်တို့ တွေ့ဆုံဆွေးနွေး

0
148

မြန်မာ – အီဂျစ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး၊ ချစ်ကြည်ရေးနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အီဂျစ် သံအမတ်သစ်တို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီလ (၁၈) ရက် နံနက်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်အာရပ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mrs. Aya Saad Mohamed Abdelkarim သည် နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို လာရောက် ပေးအပ်စဥ် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ ပညာရေးကဏ္ဍ တိုးတက်ရေး ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်ချစ်ကြည်ရေးဆိုင်ရာကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်နေမှုများ၊ နစက အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ချမှတ်၍ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်နေမှု၊ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကိုလည်း နစက ဥက္ကဋ္ဌက ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန် တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here