ပြင်းထန်တဲ့ မိုးခေါင်မှုဖြစ်စဉ်ကြောင့် ပနားမားတူးမြောင်း သင်္ဘောဖြတ်သန်းမှု လျှော့ချထားရပြီး ကမ္ဘာ့ကုန်သွယ်ရေးအပေါ် အနှောင့်အယှက်ဖြစ်လာ

0
153

ပြီးခဲ့တဲ့နှစ်က စတင်ခဲ့တဲ့ ပြင်းထန်သော မိုးခေါင်မှုကြောင့် ကမ္ဘာ့အရေးပါဆုံး ကူးသန်းရောင်းဝယ်ရေးလမ်းကြောင်းတွေထဲက တစ်ခုဖြစ်တဲ့တူးမြောင်းကနေသင်္ဘော ဖြတ်သန်းခုတ်မောင်းမှုကိုပနားမားတူးမြောင်း အာဏာပိုင်တွေက ၃၆ ရာခိုင်နှုန်းထိ လျှော့ချဖြတ်တောက်ပစ်ခဲ့ရကြောင်း သိရပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ပနားမား အာဏာပိုင်တွေ ကြေညာလိုက်တဲ့ ဖြတ်တောက်မှုအသစ်အရ ယခင်မျှော်မှန်းတာထက် ပိုကြီးမားတဲ့ စီးပွားရေးထိုးနှက်ချက်ကို ကိုင်တွယ်ဖြေရှင်းရဖို့ စီစဉ်ထားပါတယ်။ ၂၀၂၄ ခုနှစ် ရေစူးပမာဏအတွက် ကုန်ကျစရိတ် ဒေါ်လာသန်း ၅၀၀ နဲ့ ၇၀၀ အကြားရှိနိုင်တယ်လို့ တူးမြောင်း အုပ်ချုပ်ရေးအဖွဲ့က ခန့်မှန်းထားပြီး ယခင်ကတော့ ကုန်ကျစရိန် သန်း ၂၀၀ ရှိနိုင်မယ်လို့သာ ခန့်မှန်းထားခဲ့တာဖြစ်ပါတယ်။

ဗဟိုအမေရိကန်မှာ ကြုံခဲ့ဖူးသမျှ အပြင်းထန်ဆုံးဖြစ်တဲ့ မိုးခေါင်ရေရှားမှုဖြစ်စဉ်တစ်ခုကြောင့် မိုင် ၅၀ ရှည်လျားတဲ့ ရေလမ်းကြောင်းမှာ မတည်မငြိမ်ဖြစ်မှုတွေပေါ်ပေါက်ခဲ့ရပြီး ရေယာဉ်အသွားအလာတွေ ပိတ်ဆို့မှုဖြစ်ခဲ့ရကာ နိုင်ငံတကာ သင်္ဘောလိုင်းတွေအနေနဲ့ တူးမြောင်းရဲ့ယုံကြည်စိတ်ချရမှုအပေါ် သံသယတွေ ဖြစ်ပေါ်စေခဲ့သလို ကမ္ဘာ့ကုန်သွယ်ရေးအတွက် သက်ရောက်မှုရှိလာနိုင်လို့ စိုးရိမ်မှုမြင့်တက်ခဲ့ပါတယ်။

ပုံမှန်အချိန်တွေမှာ တစ်နေ့ သင်္ဘောအစီးရေ ၃၈ စီးဖြတ်သန်းစေခဲ့ရာကနေ တဖြည်းဖြည်း လျှော့ချလာခဲ့ရာမှာ ပနားမား တူးမြောင်း အုပ်ချုပ်ရေးမှူး ရီကာတီ ဗက်စ်ကွက်ဇ်က နေ့စဉ် သင်္ဘောဖြတ်သန်းမှု ၂၄ စီးသို့ လျှော့ချဖြတ်တောက်သွားမယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောဆိုခဲ့ပါတယ်။

မိမိတို့အနေနဲ့ ရေပြဿနာကို ဖြေရှင်းချက်တစ်ခု ရှာဖွေဖို့ ရှိတယ်ဆိုတာကို နိုင်ငံက သတင်းစကားပေးဖို့ အရေးကြီးပါတယ်လို့ ဗက်စ်ကွက်ဇ်က ပြောဆိုပါတယ်။

မိုးခေါင်ခြင်းဟာ အယ်နီညိုရာသီဥတုဖြစ်စဉ်နဲ့ ရာသီဥတု ပြောင်းလဲမှုကြောင့်လို့ တူးမြောင်းအာဏာပိုင်တွေက သတ်မှတ်ကာ တူးမြောင်း လုပ်ငန်းဆောင်တာတွေနဲ့ လူသားသုံးစွဲမှုနှစ်ခုစလုံးမှာ ပနားမားအတွက် ရေအရင်းအမြစ်အသစ်များ ရှာဖွေဖို့ အရေးတကြီးလိုအပ်တယ်လို့ ဆိုခဲ့ကြပါတယ်။ လက်ရှိမှာ တူးမြောင်းကို ရေဖြည့်ပေးနေတဲ့ ရေကန်တွေဟာ လူဦးရေ ၄ သန်းကျော်ရှိတဲ့ ဒေသရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကိုလည်း ရေပေးဝေနေတာလို့ သိရပါတယ်။

Ref: AP


LEAVE A REPLY

Please enter your comment!
Please enter your name here