ဖွံ့ဖြိုးဆဲနိုင်ငံများတန်းတူညီမျှမှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ဝင်နိုင်ငံများနှင့်အတူ မြန်မာက လက်တွဲသွားမည်

0
89

မြန်မာနိုင်ငံ အနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ငြိမ်းချမ်းရေး၊ သာယာဝပြောရေး၊ တရားမျှတမှု၊ တန်းတူညီတူရှိမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အခြားသောဘက်မလိုက်လှုပ်ရှားမှု အဖွဲ့ဝင်နိုင်ငံများနှင့် အတူတကွ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ပြောကြားသည်။

ဇန်နဝါရီ (၁၇) ရက်နှင့် (၁၈) ရက်တို့တွင် ယူဂန်ဒါနိုင်ငံ၊ ကမ်ပါလာမြို့၌ ကျင်းပသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ယနေ့ကမ္ဘာကြီးသည် အပြည်ပြည်ဆိုင်ရာ လုံခြုံရေးကိစ္စရပ်များ အပါအဝင် ဘက်ပေါင်းစုံတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်တွေ့ကြုံရလျက်ရှိရာ၊ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့အနေဖြင့်  ဖွံ့ဖြိုးဆဲနိုင်ငံများအားလုံး၏ ဘုံအကျိုး စီးပွားအတွက်အရေးပါသော အဖွဲ့ကြီးအဖြစ် ဆက်လက်ရပ်တည်သွားဖို့လိုအပ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးက အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည်ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ကို စတင်ထူထောင်ရာတွင် ပါဝင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အားလျော်စွာ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ မူဝါဒများကို အပြည့်အဝလိုက်နာလျက်ရှိပြီး အဖွဲ့ကြီး၏ မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ စည်းလုံးညီညွတ်မှုကိုလည်း ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကိုလည်း အစည်းအဝေးတွင် ထည့်သွင်းရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း နိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များသည် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များ၊ ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေး၊ ကုလသမဂ္ဂ၏ ၂၀၃၀ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ ပြည့်မီစေရေး၊ ရာသီဥတုပြောင်းလဲရေး စိန်ခေါ်မှုများ၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဆိုင်ရာကိစ္စများတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ရေးတို့အပေါ်၌လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here