မရမ်းကုန်းမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၄၉ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ကျော်ဇော အဓိကကွင်းဆက်တရားခံပြေးတစ်ဦးကိုပါဖမ်းမိခဲ့

0
136

ရန်ကုန်တိုင်းဒေသကြီး၊ ငွေကျပ် ၁ ဒသမ ၄၉ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉ သိန်း ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိခဲ့သူများထဲမှ တစ်ဦးမှာ မူးယစ်ကျော်ဇော အဓိက ကွင်းဆက်တရားခံပြေးတစ်ဦးဖြစ်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က မရမ်းကုန်းမြို့နယ်၊ (၄)ရပ်ကွက်၊ တော်ဝင်လမ်းရှိ စားသောက်ဆိုင်အနီးတွင် စိတ်ကြွရူးသွပ်ဆေးပြားများ အရောင်းအဝယ်ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည့် စောင့်ဆိုင်းခဲ့ကြောင်း သိရစည်။

ထိုသို့စောင့်ဆိုင်းနေစဥ် သန်းစိုး၊ မောင်ရွှေသန်း(ခ)ကျော်သန်း၊ မောင်ဦးသန်းဌေး(ခ)နာယက၊ နှစ်ဦးမောင်(ခ)ကြက်ဖ၊ စည်သူမိုး၊ လင်းလင်းထူး(ခ)လင်းချေ၊ မောင်ရွှေသိန်း နှင့် နေဇော်လတ် တို့ ၈ ဦး ရောက်ရှိလာသည့်အတွက် ထိန်းသိမ်းရှာဖွေခဲ့ရာ TOYOTA SUCCEED မော်တော်ယာဉ် ၁ စီးနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်းကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးဖော်ထုတ်ခဲ့ရာ ယင်းနေ့ ညနေ ၆ နာရီအချိန် မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ ရဲရန်အောင်လမ်းရှိနေအိမ်မှ မစောခင်ကျော်(ခ)စောခင် အား စိတ်ကြွရူးသွပ်ဆေးပြား ၆ သိန်းနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ ဖမ်းမိတရားခံ သန်းစိုး ငှားရမ်းနေထိုင်သည့် မရမ်းကုန်းမြို့နယ်၊ (၃) ရပ်ကွက်ရှိ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၉ သိန်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်အပိုင်း(၃)၊ ခေမာသီလမ်းသွယ်(၂)ရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် အစုရှယ်ယာ ပါဝင်သူ ကျော်လင်းဒါ ၏ ဆောက်လုပ်ရေးကုမ္ပဏီမှ AD Van မော်တော်ယာဉ်တစ်စီးအား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၄၉ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိတရားခံများအနက် မောင်ရွှေသန်း(ခ)ကျော်သန်းသည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးကျေးရွာအနီး စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၅ သိန်း ဖမ်းဆီးရမိမှုနှင့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ရေကျော်ကျေးရွာရှိ ၎င်း၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၉၀ ဒသမ ၄ သိန်း ဖမ်းဆီးရမိမှုတို့မှ အဓိကကွင်းဆက် တရားခံပြေး တစ်ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ အချက်အလက်များအရသိရသည်။

လက်ရှိအချိန်တွင် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here