ချမ်းမြသာစည်တွင် ယမန်နေ့ညပိုင်းက ယာဉ်မတော်တဆမှု (၂)မှု ဖြစ်ပွားခဲ့ပြီး အမျိုးသား (၁)ဦး အသက်ဆုံးရှုံး

0
83

မန္တလေးတိုင်းဒေသကြီး ၊ ချမ်းမြသာစည်မြို့နယ်တွင် ယမန်နေ့ ညပိုင်းနှင့် ယနေ့နံနက်အစောပိုင်းတွင် ယာဉ်မတော်တဆမှု (၂)မှု ဖြစ်ပွားခဲ့ပြီး အမျိုးသား (၁)ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သွားရောက်ကူညီခဲ့သည့် မြရည်နန္ဒာ လူမှုကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

ယနေ့ ဇန်နဝါရီ (၂၀) ရက် နံနက် အစောပိုင်း (၁)နာရီအချိန်တွင် ချမ်းမြသာစည်မြို့နယ် ၊ (၅၈) လမ်းနှင့် (၁၀၇) လမ်းထောင့်၌ ဆိုင်ကယ်နှင့် ကားတစ်စီးတို့ တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်ယာဉ်တိုက်မှူဖြစ်ပွားလို့ ဖုန်းဆက်သတင်းပေးလို့ ဖြစ်စဉ်နေရာကို သွားရောက်ကူညီပြီး ဒဏ်ရာရတဲ့ အမျိုးသား (၂) ဦးမှာ (၁)ဦးက သေဆုံးပြီး နောက်ထပ် (၁)ဦးက ခါးရိုးကျိုးသွားတယ်ပေါ့။”ဟု အသင်းမှ တာဝန်ရှိသူ ပြော သည်။

ထို့အပြင် ချမ်းမြသာစည်မြို့နယ် (၄၄) လမ်းနှင့် (၁၁၈) လမ်းထောင့်တွင် ဇန်နဝါရီ (၁၉) ရက် ည (၁၀)နာရီခွဲအချိန်ခန့်က ဆိုင်ကယ်တစ်စီး မောင်းနှင်လာရာမှ တိမ်းမှောက်ခဲ့ရာ အသက် (၄၅) နှစ် အရွယ်အမျိုးသားတစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း သိရသည်။

“နောက်တစ်မှုက ဆိုင်ကယ်လဲပြီး အက်ဆီးဒင့်ဖြစ်ပွားတယ်ဆိုပြီး ဖုန်းဆက်သတင်းပေးလို့ဖြစ်စဉ်နေရာကို သွားရောက် ကူညီခဲ့တာ၊ဒဏ်ရာရရှိသူက အနီရောင်အဆင့်ပေါ့။မန္တလေး ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်” ဟု မြရည်နန္ဒာ လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ထိခိုက်ဒဏ်ရာရရှိသူ လူနာနှင့် သေဆုံးသူတို့အား မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here