တရုတ်နိုင်ငံရှိ မူလတန်းကျောင်း တစ်ကျောင်းမှာ မီးလောင်မှုဖြစ်ပွားရာ လူ ၁၃ ဦး သေဆုံး

0
93

တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ် ဖန်းချန်ကောင်တီရှိ မူလတန်းကျောင်း အဆောင်တစ်ခု မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် လူ ၁၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းဋ္ဌာနတွေက စနေနေ့(ဇန်နဝါရီ ၂၀) မှာ သတင်းထုတ်ပြန်ပါတယ်။

သေဆုံးခဲ့သူတွေထဲမှာ ကျောင်းသားဘယ်နှဦးပါဝင်တယ်ဆိုတာကို လတ်တလောမှာ မသိရသေးဘဲ မီးလောင်မှုဖြစ်ပွားရာ အဆောင်ကနေ လူ တစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ကာ ဆေးရုံပို့ထားတယ်လို့ CCTV သတင်းမှာ ဖော်ပြပါတယ်။

ဖန်းချန်ခရိုင် ကျေးလက်ဒေသတစ်ခုမှာရှိတဲ့ Yingcai စာသင်ကျောင်းမှာ သောကြာနေ့ညပိုင်းက မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ညသန်းခေါင်မတိုင်ခင်လောက်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

မူလတန်းအဆင့် ကျောင်းသားတွေကို အဓိကထားသင်ကြားပေးတဲ့ ဘော်ဒါဆောင်ကျောင်းတစ်ကျောင်းဖြစ်ပေမယ့် သူငယ်တန်းအဆင့်ကိုလည်း တွဲဖက်သင်ကြားနေတာဖြစ်တယ်လို့ ကျောင်းရဲ့ Wechat ပေ့ချ်မှာ ဖော်ပြချက်အရ သိရပါတယ်။ ဘော်ဒါဆောင်ကျောင်းသားအများစုဟာ ကျေးလက်ဒေသတွေက လာရောက်ပညာသင်ကြားကြသူတွေဖြစ်တယ်လို့ Beijing Youth Daily သတင်းက ဖော်ပြထားပါတယ်။

မီးလောင်မှုဖြစ်ရတဲ့ အကြောင်း ရင်းကို ဒေသအာဏာပိုင်တွေက စုံစမ်းစစ်ဆေးလျက်ရှိပြီး ဘော်ဒါဆောင်ကျောင်းပိုင်ရှင်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ CCTV သတင်းက ဖော်ပြခဲ့ပါတယ်။

Ref:ဆောက်ချိုင်းနား မောနင်းပို့စ်, ABC News


LEAVE A REPLY

Please enter your comment!
Please enter your name here