မိုးမိတ်မြို့မဈေး မီးလောင်မှု တစ်ဈေးလုံးနီးပါး ပျက်ဆီးဆုံးရှုံး

0
150

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုးမိတ်မြို့‌တွင်  တပ်မတော်နှင့်လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး ယမန်နေ့ ညပိုင်းကလည်း မိုးမိတ်မြို့မဈေးကြီး တစ်ဈေးလုံးနီးပါး မီးလောင်ကျွမ်းခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံက သိရသည်။

ယမန်နေ့ ဇန်နဝါရီ(၁၉)ရက် ညပိုင်းက အဆိုပါ ဈေးမီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်ကျွမ်းချိန် ကြာမြင့်ခဲ့ကြောင်း ဒေသခံများက ဆို သည်။

“တစ်ညလုံးလောင်နေတာ။ ပစ်ခတ်သံတွေကြောင့် ဘယ်သူမှလည်း ဈေးနားမသွားရဲဘူး။ အချို့ကလည်း အားလုံးနီးပါးဆုံးရှုံးတာပေါ့။ ဒီမနက်အထိ မီးက တစ်ငွေ့ငွေ့လောင်နေတာပေါ့။ ဈေးကတော့ ဓာတ်ပုံတွေထဲ မြင်တဲ့အတိုင်းဘဲ။ ဘာ့ကြောင့်ဆိုတာကတော့ဗျာ။ အလိုလိုနေရင်းတော့မီးကထမလောင်ဘူး။ တိုက်ပွဲကြောင့်ဘဲပေါ့။ ဘယ်သူ့ကြောင့်လို့ မဆိုလိုဘူးနော်။ အခုထိ ဘာ့ကြောင့်လည်းဆိုတာတော့ မသိသေးဘူး”ဟု မိုးမိတ်မြို့ဒေသခံတစ်ဦးက ရှင်းပြသည်။

မိုးမိတ်မြို့မဈေးကြီးသည့် အဆိုပါမြို့၏ အကြီးဆုံး လက်လီ လက်ကား ဈေးကြီး တစ်ခုဖြစ်ပြီး၊ ဆိုင်ခန်းနှင့် ဈေးဆိုင်ပေါင်းရာနှင့်ချီရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၁၈) ရက် နံနက်ပိုင်းမှ စတင်ကာ မိုးမိတ်မြို့ပေါ်တွင် တပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး လူ‌နေအိမ်အချို့နှင့် ဘုန်းကြီး ကျောင်းတစ်ကျောင်း ပျက်ဆီးမှုရှိခဲ့ကာ ဒေသခံများလည်း ဘေးလွတ်ရာသို့ စစ်ရှောင်နေကြရကြောင်း သိရသည်။

ပြည်တွင်း၌ ဖြစ်ပွားနေသော နှစ်ဖက်တိုက်ပွဲများ‌ကြောင့် လူနေအိမ်များအပြင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာစျေး၊ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ မြို့မစျေး၊ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့ရှိ မြို့မစျေးအပါအဝင် ယခု မိုးမိ တ်မြို့မဈေးကြီးများ မီးလောင်ပျက်ဆီးဆုံးရှုံးခြင်းများဖြစ်ပေါ်ခဲ့သည်။

ဓာတ်ပုံ – ဓမ္မပါလ အရှင်စိန္တိတ


LEAVE A REPLY

Please enter your comment!
Please enter your name here