ပြည်ထောင်စု တံခွန်စိုက်ဖလား မြန်မာ့ရိုးရာနှင့် နိုင်ငံတကာမြင်းစီးအားကစားပြိုင်ပွဲတွင် မြင်းများအား လေလံတင်ရောင်းချခြင်းများပါ ပြုလုပ်သွားမည်

0
58

မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူး၍ မြန်မာ့ရိုးရာ မြင်းစီးအားကစားကော်မတီ၏ ပံ့ပိုးမှုဖြင့် ကျင်းပမည့် (၇၇) ကြိမ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းဒေသကြီးနှင့်ပြည်နယ်များ ပြည်ထောင်စု တံခွန်စိုက်ဖလား မြန်မာ့ရိုးရာနှင့် နိုင်ငံတကာ မြင်းစီးအားကစားပြိုင်ပွဲရက်များအတွင်း၌ မြင်းများအား လေလံတင်ရောင်းချခြင်းများပါ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြင်းဝါသနာရှင်များအတွက် မြင်းလေလံတင်ရောင်းချပွဲကြီးကို ပြိုင်ပွဲများ၏ နောက်ဆုံးရက်ဖြစ်သော ပြည်ထောင်စုနေ့ ဖေဖော်ဝါရီလ (၁၂)ရက် ဆုပေးပွဲများအပြီးတွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

လေလံစည်းကမ်းချက်များအနေဖြင့် မြင်းရောင်းချလိုသူသည် မိမိ၏ မြင်းကို ကြမ်းခင်းစျေး သတ်မှတ်ရမည်ဖြစ်ပြီး ဝယ်ယူလိုသူသည် ရောင်းချလိုသူမှ သတ်မှတ်ထားသော ကြမ်းခင်းစျေးထက် ၅၀၀၀၀၀ိ/(ငါးသိန်းကျပ်)အနည်းဆုံးထပ်တိုး၍ စတင်စျေးပေးရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သတ်မှတ်ချက်နှင့်အညီ အမြင့်ဆုံးစျေးပေးသူက ၎င်းမြင်းကို ဝယ်ယူခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

မြင်းရောင်းချလိုသူသည် ကြမ်းခင်းစျေးထက် အမြင့်ဆုံးစျေး အထိရောက်ရှိနေကာ စျေးထပ်မံပေးသူ မရှိတော့သည် အချိန်တွင်လည်း မိမိ၏မြင်းအား မရောင်းနိုင်တော့ပါဟု ဆုံးဖြတ်မည်ဆိုလျှင် ဆုံးဖြတ်ခွင့်ရှိမည်ဖြစ်ပြီး ဝယ်ယူလိုသူသည် မိမိအနေဖြင့် အမြင့်ဆုံးစျေးပေးထားသည်ဖြစ်၍ ရောင်းချလိုသူမှ မဖြစ်မနေရောင်းချရမည်ဟု တောင်းဆိုခွင့်မရှိကြောင်း သိရသည်။

ထို့အပြင် လေလံပွဲ၌ ပါဝင်လိုသော မြင်းအားလုံးတို့သည် လေလံပွဲမတိုင်မီ အဖွဲ့ချုပ်ထံတွင် ဆရာဝန်များ၏ စစ်ဆေးမှုကို ကြည်ဖြူစွာခံယူကာ ကျန်းမာရေးကောင်းမွန်ပြီး ဆရာ ဝန်များ၏ စစ်ဆေးမှုအောင်မြင်မှသာ လေလံပွဲ၌ ရောင်းချခွင့်ရရှိမည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ မြင်းလေလံပွဲကြီးတွင် ပါဝင်ရန်အတွက် စိတ်ပါဝင်စားသူ မြင်းဝါသနာရှင်များအနေဖြင့် (မြင်းလေလံပွဲကျင်းပရေးကော်မတီ) 09666160605 နှင့် 09263586667 သို့ ဆက်သွယ်မေးမြန်း စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here