ရှမ်းပြည်နယ်မှ ဧရာဝတီတိုင်းသို့ သယ်ဆောင်ပြီး ပင်လယ်ရေကြောင်းဖြင့် ပြည်ပပို့မည့် ငွေကျပ် (၃၀) ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) များဖမ်းဆီးရမိ

0
79

ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ဧရာဝတီတိုင်းသို့ သယ်ဆောင်ပြီး ပင်လယ်ရေကြောင်းဖြင့် ပြည်ပပို့မည့် ငွေကျပ် (၃၀) ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) (၂၀၀၀) ကီလို (၂)တန်ကို နောင်ချိုမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ပြီးခဲ့သည့် ဇန်နဝါရီလ (၁၇) ရက် နံနက် (၇) နာရီ (၃၀) မိနစ်ခန့်က ရှမ်းပြည် နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ မကျီးရေကျေးရွာအနီးတွင် ရပ်စောက်ဘက်မှ နောင်ချိုဘက်သို့ နိုင်ဦး မောင်းနှင်ပြီး ချစ်ကောင်း လိုက်ပါလာသည့် FUSO (၁၂)ဘီးမော်တော် ယာဉ်ကို စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် စက္ကူဂျပ်ဖာများနှင့် ဘီယာဖာများ၏အောက်၌ ဖုံးအုပ် သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် (၃၀) ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) (၂၀၀၀) ကီလို(၂)တန် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

၎င်းတို့အား စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ မွန်းလွဲ(၁) နာရီအချိန်တွင် သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များ သယ်ဆောင်ခိုင်းသူ ဇော်မျိုးလင်း(ခ)ကိုလင်း အား ရပ်စောက်တိုးဂိတ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်မှ ဧရာဝတီတိုင်း ဒေသကြီးသို့ သယ်ဆောင်ပြီး ၎င်းမှတဆင့် ပင်လယ်ရေကြောင်းဖြင့် ပြည်ပသို့ သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်ချက်အရသိရပြီး ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိကာ ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here