ယူနန်ပြည်နယ် မြေပြိုမှုအတွင်း ဒါဇင်နဲ့ချီသော ပိတ်မိနေသူတွေကို အပူတပြင်း ရှာဖွေနေ

0
84

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ဝေးလံသီခေါင်တဲ့ တောင်တန်းဒေသတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုဖြစ်စဉ်အတွင်း ဒါဇင်နဲ့ချီသော ပိတ်မိနေသူတွေကို ရှာတွေ့ဖို့အတွက် အင်္ဂါနေ့(ဇန်နဝါရီ ၂၃) မှာ ကယ်ဆယ်ရေးသမားတွေ အပူတပြင်းကြိုးစားနေကြပြီး ယင်းဖြစ်စဉ်မှာ လက်ရှိအထိ သေဆုံးသူ ၁၁ ဦး ရှိနေပြီလို့ သိရပါတယ်။

ယူနန်ပြည်နယ် Zhenxiong စီရင်စုဒေသမှာ တနင်္လာနေ့ အစောပိုင်း အရုဏ်မတက်မီအချိန်က ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုအတွင်း နေအိမ် ၁၈ လုံး မြေဖုံးသွားခဲ့ကာ လူဦးရေ ၂၀၀ ကျော်ကို ဘေးလွတ်ရာသို့ အလျင်အမြန် ကယ်ထုတ်ပေးခဲ့ရပါတယ်။

သဘာဝဘေးပေါ်ပေါက်ပြီး ၂၄ နာရီကျော်ကြာလာချိန် အပူချိန် သုညအောက်အခြေအနေနဲ့ တစ်ညတာလွန်မြောက်ခဲ့အပြီးမှာ ပျောက်ဆုံးနေဆဲရှိသူတွေကို ရှာတွေ့ဖို့ ကယ်ဆယ်ရေးသမားတွေ အချိန်လုလုပ်ဆောင်နေရတယ်လို့ ဆင်ဟွာသတင်းဌာနက ဆိုပါတယ်။

“ညလုံးပေါက် ဆက်တိုက် ရှာဖွေ၊ ကယ်ဆယ်မှုတွေ လုပ် ဆောင်နေတာပါ”ဟု မီးသတ်တပ်ဖွဲ့ဝင် လီရှန်လွန်းက ဆင်ဟွာကို ပြောဆိုပါတယ်။

အခင်းဖြစ်နေရာကို ကယ်ဆယ်ရေးလုပ်သား ၂၀၀ ခန့်အပြင် မီးသတ်ကားများစွာနဲ့ အခြားကိရိယာပစ္စည်းတွေ ပေးပို့ထားတယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေးနယ်မြေမှာ ဆီးနှင်းထူထပ်စွာ ဖုံးလွှမ်းနေပြီး ကယ်ဆယ်ရေးသမားတွေအနေနဲ့ သုံးလို့ရသမျှ ကိရိယာအားလုံးအသုံးပြုကာ အသက်ရှင်ဖွယ်ရှိသူတွေကို ရှာဖွေနေကြတယ်လို့ ဆင်ဟွာက ဖော်ပြပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေကို အရှိန်အဟုန်မြှင့်လုပ်ဆောင်ဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က အမိန့်ပေးထားတယ်လို့ သိရပါတယ်။

ဟိမဝန္တာကုန်းပြင်မြင့်နဲ့ မတ်စောက်တဲ့ တောင်တန်းများကြားရှိ တရုတ်နိုင်ငံရဲ့ ဝေးလံပြီး ဆင်းရဲနွမ်းပါးရာဒေသဖြစ်တဲ့ ယူနန်ပြည်နယ်မှာ မြေပြိုမှုဖြစ်စဉ်တွေ မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။

ယခု မြေပြိုမှုဖြစ်ပွားရာနေရာဟာ ဆီးနှင်းတွေဖုံးလွှမ်းတဲ့ တောင်ထွတ်တွေဝန်းရံနေသော ကျေးလက်ဧရိယာတစ်ခုမှာဖြစ်ခဲ့တာလို့ နိုင်ငံပိုင် မီဒီယာက ဆိုပါတယ်။ မြေပြိုမှုဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ လတ်တလောမှာ တာဝန်ရှိသူတွေဘက်က ရှင်းလင်းပြောဆိုနိုင်ခြင်း မရှိသေးကြောင်းလည်း သိရပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here