အာရှအဆင့်နှင့် ကမ္ဘာ့အဆင့်ပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့်အားကစားသမားများအားငွေကျပ်သိန်း (၃၉ဝဝ) ချီးမြှင့်ပေးအပ်

0
111

မြန်မာ့ အားကစားကို ကမ္ဘာ့အဆင့် ထိုးဖောက်နိုင်ရန် ရည်မှန်းချက်ထား ကြိုးပမ်းကြရန် နစက ဥက္ကဋ္ဌ တိုက်တွန်း ပြောကြား

နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်နိုင်ရေးအတွက် အရှေ့တောင်အာရှအဆင့်မှ အာရှအဆင့်၊ ကမ္ဘာ့အဆင့်ထိ ထိုးဖောက်နိုင်ရေး ရည်မှန်းချက်ထားပြီး ကြိုးပမ်းအားထုတ်သွားကြရန် နစက ဥက္ကဋ္ဌက တိုက်တွန်းပြောကြားသည်။

ယနေ့ ဇန်နဝါရီ (၂၃) ရက် နံနက်ပိုင်းက နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B)တွင် ကျင်းပသည့် ၂၀၂၃ ခုနှစ်အတွင်း အာရှအဆင့်နှင့် ကမ္ဘာ့အဆင့် ဆုတံဆိပ်ရရှိခဲ့သည့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်သည့်အခမ်းအနားတွင် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

အားကစား မောင်မယ်များအနေဖြင့် နောင်လာမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲအပါအဝင် နိုင်ငံတကာ အားကစားပြိုင်ပွဲများ၌လည်းဆက်လက်အောင်မြင်မှုရရှိစေရေး မလျှော့သော ဇွဲ၊ လုံ့လ၊ အားမာန်၊ စိတ်ဓာတ်တို့ဖြင့် ယခုထက် ပိုမိုအားထုတ်ကြိုးပမ်းသွားကြရန်လည်း တိုက်တွန်းမှာကြားခဲ့သည်။

မြန်မာ အားကစားသမားများ အနေဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပခဲ့သည့် (၁၉)ကြိမ်မြောက် အာရှအား ကစားပြိုင်ပွဲနှင့် (၄) ကြိမ်မြောက် အာရှမသန်စွမ်းအားကစားပြိုင်ပွဲ၊ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း ရိုမေးနီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ E-Sports ချန်ပီယံရှစ်ပြိုင်ပွဲ၊ နိုဝင်ဘာလအတွင်း ကိုရီးယားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၄) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲ၊ ထိုင်းနိုင်ငံမှာ ကျင်းပခဲ့သည့် (၁၉) ကြိမ်မြောက် ကမ္ဘာ့ပီတန်းချန်ပီယံရှစ်ပြိုင်ပွဲနှင့် ဗီယက်နမ်နိုင်ငံတွင်ကျင်းပခဲ့သည့် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲတို့ တို့၌ အောင်မြင်မှုများ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အာရှအဆင့်နှင့် ကမ္ဘာ့အဆင့်ပြိုင်ပွဲများတွင် အားကစားသမားများ အနေဖြင့်နိုင်ငံ တော်အတွက် စုစုပေါင်း ရွှေတံဆိပ်(၅)ခု၊ ငွေတံဆိပ်(၅)ခု၊ ကြေးတံဆိပ်(၁၄)ခု၊ စုစု ပေါင်းဆုတံဆိပ်(၂၄)ခု ရယူပေးနိုင်ခဲ့ခြင်းသည် နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးရာရောက်ကြောင်းလည်း နစက ဥက္ကဋ္ဌက ဆိုသည်။

ထိုကဲ့သို့ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး ပြင်းပြင်းထန်ထန် ကြိုးစားလေ့ကျင့်ပြင်ဆင်ခဲ့မှုများကို ဂုဏ်ပြုသည့်အနေဖြင့် ပြိုင်ပွဲအသီးသီးတွင် တစ်ဦးချင်းရွှေတံဆိပ်နှင့် အသင်းလိုက် ရွှေတံဆိပ်ရရှိခဲ့ကြသည့် အသင်းများကို ငွေကျပ်သိန်း (၃ဝဝ)စီ၊ တစ်ဦးချင်းငွေတံဆိပ်နှင့် အသင်းလိုက် ငွေတံဆိပ်ရရှိခဲ့ကြသည့် အသင်းများကို ငွေကျပ်သိန်း(၂ဝဝ) စီ၊ တစ်ဦးချင်းကြေးတံဆိပ်နှင့် အသင်းလိုက်ကြေးတံဆိပ်ရရှိခဲ့ကြသည့် အသင်းများကို ငွေကျပ်သိန်း(၁ဝဝ)စီ၊ စုစုပေါင်းငွေကျပ်သိန်း (၃၉ဝဝ)ကို ချီးမြှင့်ပေးအပ်ခဲ့‌ကြောင်းလည်းသိရသည်။

နိုင်ငံတော်အနေဖြင့် နိုင်ငံတော်အဆင့် အခမ်းအနားနှင့် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးနေသကဲ့သို့ အားကစား မောင်မယ်များအနေဖြင့်လည်း နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ နိုင်ငံ့ဂုဏ်ကို အားကစားဖြင့်မြှင့်တင်လိုသည့် စိတ်ဓာတ်များမွေးမြူပြီး ကြိုးစားကြရန်လည်း နစက ဥက္ကဋ္ဌက မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here