မြန်မာရွှေ့ပြောင်းလုပ်သားအားခုတ်ပိုင်းသတ်ဖြတ်ခဲ့သည့် သံသယတရားခံအိန္ဒိယနိုင်ငံသားနှစ်ဦးအားသိရှိ၊လက်ရဖမ်းဆီးနိုင်ရေးကြိုပမ်းနေဟုဆို

0
165

ဘန်ကောက်၊ဇန်နဝါရီ ၂၃

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊ဘန်ခွန်ထီယန်းခရိုင်အတွင်းရှိ အဆောက်အအုံတစ်ခု၌ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးကို အပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ်ကာ ရေခဲသေတ္တာအတွင်း ခန္ဓာကိုယ်အစိတ်အပိုင်းများ ထည့်ထားခဲ့သည့်လူသတ်မှုမှ သံသယရှိသူနှစ်ဦးအား ထိုင်းရဲတပ်ဖွဲ့ကစုံစမ်းသိရှိခဲ့ပြီးဖြစ်ကာ လက်ရဖမ်းဆီးနိုင်ရန်ဆက်လက်ဆောင်ရွက်နေသည်ဟု ဇန်နဝါရီ ၂၂ ရက်တွင်ပြောကြားခဲ့သည်။

ဒုတိယရဲမှူးကြီးတစ်ဦးကမူ ယင်းသို့သံသယရှိခံရသူ နှစ်ဦးသည် အိန္ဒိယနိုင်ငံသားများဖြစ်ပြီး အသက် ၂၇ နှစ်ရှိ ဂူနာလန်ဒယ်လ်ဗာဆီဂါမာနီနှင့် အသက် ၂၃ နှစ်ရှိ ဆန်ဒါရာဗယ်လ် ပရာဂါဒစ်ရှ်ကူးမားတို့ ဖြစ်သည်ဟုလည်းပြောခဲ့သည်။ အသတ်ခံရသူသည် အသက် ၃၅ နှစ်ရှိ အစိုင်းကြည်ဆိုသူ မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး အိန္ဒိယနွယ်ဖွားတစ်ဦးဖြစ်သည်ဟုလည်းသိရသည်။

ရဲတပ်ဖွဲ့၏စီစီတီဗီစစ်ဆေးချက်တွင် ကူးမားသည်ဂူနာလန်နှင့်အတူ ထရပ်ကားတစ်စီးကိုမောင်းပြီး ဝယ်ယူလာသည့်ရေခဲ သေတ္တာကိုသယ်ကာ အဆောက်အအုံအတွင်း ပြန်မောင်းဝင်လာကြသည်ကိုတွေ့ရသည်ဟုဆိုသည်။အဆိုပါရေခဲသေတ္တာအတွင်း၌မူ အသတ်ခံရသူ အ စိုင်းကြည်၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကိုတွေ့ခဲ့ရခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့၏မျက်မြင်သက်သေများကို မေးမြန်းချက်များအရ ကူးမားနှင့်ဒယ်လ်ဗာဆီဂါမာနီတို့နှစ်ဦးသည် အဆောက်အအုံအတွင်း ကားအနီတစ်စီးနှင့် ဇန်နဝါရီ ၁၉ ရက် မွန်းလွဲ ၃ နာရီ လောက်ကရောက်ရှိလာခဲ့ကြခြင်းဖြစ်ကာ ၎င်းတို့နှစ်ဦးစလုံးသည် လူသတ်မှုကျူးလွန်ပြီးနောက် အိန္ဒိယနိုင်ငံ၊ချန်နိုင်းမြို့သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြခြင်းလည်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

သေဆုံးသူသည် ထိုင်းနိုင်ငံအတွင်း တရားဝင် မှတ်ပုံတင်ထားသည့် ရွှေ့ပြောင်းလုပ်သားတစ်ဦးမဟုတ်ကြောင်းလည်းသိရသည်။ကူးမားကမူ ထိုင်းနိုင်ငံအတွင်း တရားဝင် ဝင်ရောက်ကာကုန်သွယ်ရေးကုမ္ပဏီထောင်ထားသည်ဆို‌သော်လည်း အမှန်မှာမူတရားမဝင် ဝင်ရောက်လာသူများအပါအဝင် ထိုင်းနိုင်ငံသို့ လာရောက်သည့်ရွှေ့ပြောင်းအလုပ်သမားများကို နေရာချ၊အလုပ်ရှာပေးသည့်အလုပ်ပွဲစားကုမ္ပဏီတစ်ခုသာဖြစ်သည်။

နယ်စပ်မှတစ်ဆင့် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးကို အိန္ဒိယလူမျိုးတစ်ဦးက နယ်စပ်မှသွားရောက်ခေါ်ယူခဲ့ကာ အဆိုပါအဆောက်အအုံသို့ ဇန်နဝါရီ ၁၄ ရက်က ရောက်ရှိလာကြခြင်းဖြစ်သည်။၎င်းတို့သည် အလုပ်ရရှိဖို့အတွက် တစ်ဦးလျှင် ဘတ် ၇,၀၀၀ စီပေးရန် တောင်းခြင်းခံခဲ့ရသဖြင့် ရဲတပ်ဖွဲ့ကမူ လူသတ်မှုနှင့်လူကုန်ကူးမှုတို့နှင့်ဆက်စပ်ဖြစ်ရခြင်းဟု ခန့်မှန်းထားသည်။

ထိုင်းနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့အကြား ပြစ်မှုကျူးလွန်သူများကို ကျူးလွန်ရာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးရမည့်သဘောတူညီချက်ရှိခြင်းကြောင့် ထွက်ပြေးသွားသည့် လူသတ်မှုကျူးလွန်သူများအဖြစ်ယူဆရသူ အိန္ဒိယနိုင်ငံသားနှစ်ဦးအားဖမ်းဆီးကာ ထိုင်းနိုင်ငံသို့ ပြန်လည်ပေးပို့ရေးကို  နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် နေသည်ဟုလည်းသိရသည်။

Ref 1 : Bangkok Post
Ref 2 : Khasod English


LEAVE A REPLY

Please enter your comment!
Please enter your name here