ပဲစဥ်းငုံအသစ်များ မုံရွာစျေးကွက်သို့ တက်စျေးဖြင့် ဝင်ရောက်လာ

0
422

ပြည်ပို့ကုန်ဖြစ်သည့် ပဲစဥ်းငုံအသစ်များ မုံရွာစျေးကွက်သို့ ဝင်ရောက်နေပြီဖြစ်ပြီး ယခင် နှစ်စျေးထက်နှစ်ဆတက်စျေးမြင့်လာကြောင်း ပဲစဥ်းငုံရောင်းဝယ်သူများထံမှ သိရသည်။

ပြီးခဲ့သည့်နှစ် ပဲစဥ်းငုံရာသီအစက တစ်တင်း ကျပ် ၅၄၀၀၀ စျေးဖြင့်ဘစတင်ခဲ့ရာမှ ယခုနှစ်ရာသီအစတွင် ပဲစဉ်းငုံတစ်တင်းလျင် ကျပ်(၁) သိန်းကျော် စျေးဖြင့်စတင် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

ပဲစဥ်းငုံကို စစ်ကိုင်းတိုင်းဒေသကြီး နေရာအများစုတွင် စိုက်ပျိုးကြပြီး ကျောက်ပန်းတောင်း၊ မကွေးနှင့် ပခုက္ကူဒေသတို့မှလည်း ပဲစဥ်းငုံစောထွက်ကာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ အနည်းငယ်နောက်ကျ၍ ထွက်ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နှစ်စဥ်ဇန်နဝါရီလမှစကာ ပဲစဥ်းငုံလှိုင်လှိုင်ပေါ်ခြင်းဖြစ်ပြီး ယခုနှစ်တွင် ပြီးခဲ့သည့်လပိုင်းက မိုးရွာသွန်းမှုကြောင့် အပွင့်များကြွေသည့်အတွက် ပဲစဥ်းငုံအထွက် အနည်းငယ်လျော့နိုင်ကြောင်း ပဲစဥ်းငုံစိုက်တောင်သူများထံမှ သိရသည်။

မုံရွာစျေးကွက်ရှိ ပဲလှောင်လက်များတွင် ပဲစဥ်းငုံသည် ၂၀၂ ၀ ခုနှစ်နောက်ပိုင်း လက်ကျန်မရှိသည်အထိ အိန္ဒိယနိုင်ငံသို့ ပို့ဆောင်ရောင်းချခဲ့ရပြီး ပြီးခဲ့သည့်နှစ်က အိန္ဒိယနိုင်ငံသို့ မြန်မာနိုင်ငံမှ ပဲစဥ်းငုံ မတင်ပို့နိုင်ခဲ့ကြောင်း မုံရွာကုန်စည်ဒိုင်တာဝန်ရှိသူများထံမှ သိရသည်။

အိန္ဒိယပို့ကုန်အဖြစ် နှစ်ပေါင်းများစွာရပ်တည်လာခဲ့သော မြန်မာနိုင်ငံထွက် ပဲစဥ်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်းများကို ပြည်တွင်းစားသုံးမှု မြင့်မားလာစေရန် စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ်က ပဲစားပွဲတော်ကို တိုင်းဒေသကြီးကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ကျင်းပခဲ့သေးသည်။

ဓာတ်ပုံ – အင်တာနက်


LEAVE A REPLY

Please enter your comment!
Please enter your name here